spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းလေပြင်းတိုက်ခတ်မှုကြုံခဲ့ရသည့်မြို့နယ်အချို့ ရေကြီးရေလျှံမှုနှင့်ထပ်မံကြုံနေရ

    လေပြင်းတိုက်ခတ်မှုကြုံခဲ့ရသည့်မြို့နယ်အချို့ ရေကြီးရေလျှံမှုနှင့်ထပ်မံကြုံနေရ

    -

    မွန်ပြည်နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့်ရင်ဆိုင်ခဲ့ရသည့် မြို့နယ်အချို့ ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရကြောင်း ဒေသခံနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်နေသူများမှ သိရသည်။

    ဘီးလင်းနှင့် သထုံမြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့မှစ၍  မြစ်ရေ၊ ချောင်းရေနှင့်နီးစပ်သော မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေကြောင်းနှင့် ယနေ့မနက်ပိုင်းတွင် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ရေကျော်နေပြီး ကားကြီးများသာ သွားလာနိုင်ကြောင်း သိရသည်။

     ပြီးခဲ့သည့်ရက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ ဓာတ်တိုင်နှင့် စိုက်ပျိုးပင်များ ပျက်စီးနေမှုကို ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခင်မှာပင် ရေဘေးနှင့် ထပ်မံကြုံနေရသည်ဟု  ဘီးလင်းမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ကျနော်တို့မှာ လေဆင်နှာမောင်းဝင်သွားတော့ အိမ်တွေပြိုတယ်၊ ရော်ဘာပင် ကွမ်းပင်တွေ အကုန်ပျက်စီးသွားတယ်။ အခုလည်း ဘီးလင်းမြို့ရဲ့ အနိမ့်ပိုင်းတွေမှာ အကုန်မြုပ်နေတယ်။ လယ်ယာတွေလည်း မြုပ်တယ်။ ဒေသခံတွေက ကယ်ဆယ်ရေးစခန်းတွေ၊ ဘောလုံးကွင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အမျိုးအိမ်တွေမှာ ပြောင်းနေနေကြတယ်” ဟု ၎င်းက ဆက်ဆိုသည်။

    ဘီးလင်းမြို့နယ်တွင် ရေဘးစခန်း(၁၀) ခု ဖွင့်လှစ်ထား၍ အိမ်ထောင်စု ၇၀၀ ကျော် ယာယီပြောင်းရွေ့နေထိုင်နေသည်။

    အလားတူ သထုံမြို့နယ် ဒူရင်းဆိပ်ကျေးရွာတွင်လည်း  ဒူရင်းချောင်းရေလျှံနေပြီး ဇူလိုင် ၂၈ ရက်နေ့ညနေ့ပိုင်းအထိ ဒေသခံပြည်သူ ၄၀၀ ကျော် ပြောင်းရွှေ့ခဲ့ရသည်။

    အဆိုပါ ရေဘေးသင့်ဒေသခံတို့သည် ဒူရင်းဆိပ်ရွာတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၂ ခုသို့ ပြောင်းရွှေ့ထားရပြီး၊ ယနေ့တွင် ရေဘေးသင့်သူများ တဖြည်းဖြည်းတိုးလာနေသည်။

    “ အခုက သုံးရက်လောက်ရှိပြီး၊ လူဦးရေတွေ ပိုများလာတယ်လေ၊ ပြီးတော့ ရေးကြီးနေလို့ အလုပ်လည်းလုပ်မရ၊ သွားလာလို့လည်း မရဘူးဆိုတော့ စားသောက်ဖို့အတွက်က မလုံလောက်ဖြစ်နေတယ်” ဟု သထုံမြို့နယ်ရှိ ကြင်နာလက်တွဲ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

    ကျိုက်ထို၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တွင် ဇူလိုင် ၂၂ ရက်နေ့မှစ၍  ၅ ရက်ဆက်တိုက် လေပြင်းနှင့်လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံ ၅၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ ပြန်လည်ပြင်ဆင်နေထိုင်ရန် အကူအညီလိုအပ်နေသည်။

    လက်ရှိတွင် ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာတွင်ရှိပြီး ယနေ့ ၁၂ နာရီခွဲအချိန်တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေသည်  ၁၀၇၆ စင်တီမီတာသို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

     နောက်တစ်ရက်အတွင်း  ၁၀၉၁ စင်တီမီတာအထိ ဆက်လက်မြင့်တက်နိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့နိုင်ရေးကို မိုးဇလမှ နှိုးဆော်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts