Homeသတင်းကမ္ဘောဒီးယားမှ အပစ်ရပ်သဘောတူစာချုပ် စတင်ချိုးဖောက်ကြောင်း ထိုင်းတပ်မတော်ဆို

ကမ္ဘောဒီးယားမှ အပစ်ရပ်သဘောတူစာချုပ် စတင်ချိုးဖောက်ကြောင်း ထိုင်းတပ်မတော်ဆို

-

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်စဲရေး သဘောတူညီချက်ကို ကမ္ဘောဒီးယားဘက်မှ စတင်ချိုးဖောက်လိုက်ကြောင်း ထိုင်းတပ်မတော်မှ ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများထံ ပြောဆိုခဲ့သည်။

ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံတိတိတွင် စတင်အကျုံးဝင်သည့် အပစ်ရပ်စဲရေးသဘောတူညီချက်အတိုင်း ကမ္ဘောဒီးယားဘက်မှ မလိုက်နာပဲ ထိုင်းနယ်မြေအတွင်းသို့ ပစ်ခတ်မှုဆက်လက်လုပ်ဆောင်နေကြောင်း ထိုင်းတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်ကြီး ဝင်းထိုင်စူဝါရီက ယနေ့နံနက်ပိုင်းတွင် ဆိုသည်။

 မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့၌  ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့က ကျင်းပခဲ့သောအစည်းအဝေးအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကို အဆုံးသတ်ရန် နှစ်နိုင်ငံခေါင်းဆောင်များက ဇူလိုင် ၂၈ ရက်နေ့ညသန်းခေါင်ယံအချိန်မှစ၍ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန်၊ နှစ်နိုင်ငံကြား အဆိုပါ  အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝလိုက်နာရန်နှင့် ရှေ့တန်းတပ်များကို မူလနေရာများသို့ ပြန်လည်ဆုတ်ခွာရန် နှစ်ဖက်ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

သဘောတူညီချက်အပြီး ယနေ့ဇူလိုင် ၂၉ နနက် ၅:၃၀ နာရီခန့်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့များမှ ထိုင်းနယ်မြေအတွင်းရှိ နေရာအချို့ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု  ဆိုသည်။

ထိုသို့သော အပြုအမူသည် သဘောတူစာချုပ်ကို တမင်ချိုးဖောက်ခြင်းဖြစ်သည်ဟု သတ်မှတ်ကာ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မလေးစားခြင်းဖြစ်ကြောင်း ထိုင်းတပ်မတော်မှ ထောက်ပြခဲ့သည်။

 ကမ္ဘောဒီးယားတပ်ဖွဲ့မှ စစ်ဆင်ရေးလှုပ်ရှားမှုများ ထပ်မံလုပ်ဆောင်နေခြင်းကြောင့် ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နှစ်နိုင်ငံတာဝန်ရှိ ကိုယ်စားလှယ်များ တွေ့ဆုံးဆွေးနွေးရန် ချိန်းဆိုခဲ့သော ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းဘက်ကကြေညာလိုက်သည်။

ဇူလိုင် ၂၈ ရက်နေ့ ညသန်းခေါင်ယံအချိန်၌ အပစ်အခတ်ရပ်ရေး သဘောတူညီချက် အသက်မဝင်ခင်အချိန်တွင်လည်း နှစ်ဖက်နိုင်ငံကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ကမ္ဘောဒီးယားဖက်မှ အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ခဲ့သည်ဟု ထိုင်းမှဆိုသော်လည်း နယ်စပ်ဧရိယာ အများစုတွင် ဇူလိုင် ၂၈ ညသန်းခေါင်ယံအချိန်မှစ၍ အေးဆေးတည်ငြိမ်နေသည့်အခြေအနေဖြစ်နေကြောင်း ထိုင်းသတင်းအချိုု့တွင် ဖော်ပြပြောဆိုလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts