spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ထွက်ရှိလာမှသာ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှု လုပ်ဆောင်မည်။

    ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ထွက်ရှိလာမှသာ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှု လုပ်ဆောင်မည်။

    -

    မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ ထွက်ရှိလာမှသာ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ (MUP) အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

    မွန်ညီညွတ်ရေးပါတီမှ ပြီးခဲ့သည့် ဇွန်လအတွင်းက မြို့နယ်အဆင့် ပါတီတာဝန်ခံများကို ဖိတ်ကြားပြီး လက်ရှိဖြစ်ပျက်နေသည့် အခြေအနေအပေါ် ရှင်းလင်းခြင်းနှင့်အတူ ရွေးကောက်ပွဲအား မလွဲမသွေ ဖြတ်သန်းရမည့် သဘောမျိုးသက်ရောက်နေသည့်အတွက် သဘောထားအမြင်များ ရယူ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

    “လာမယ့် ရွေးကောက်ပွဲကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကလည်း အခု ဇူလိုင်လပြီးရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ထွက်လာတော့မယ်။ အဲ့ဒီအပြင်ကို မဲဆန္ဒနယ်တွေရော၊ ရွေးကောက်ပွဲစနစ်တွေရော ထွက်လာတော့မှပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားဖြစ်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကိုတော့ ရှောင်လွဲလို့မရဘူးလေ။ ရွေးကောက်ပွဲ ဥပဒေတွေ၊ နည်းဥပဒေတွေ ထွက်လာပြီးတော့မှပဲ ရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ဝင်မလဲဆိုတာကို ပါတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ သွားမှာဖြစ်ပါတယ်” ဟု နိုင်စံတင်က ပြောသည်။

    မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုမရှိသေးသော်လည်း မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအချို့ ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု သိရသည်။

    သို့သော် ပါတီစည်းရုံးရေးဆင်းသည့်အခြေအနေမျိုး သိပ်မတွေ့ရသေးကြောင်းလည်း သိရသည်။

    နိုင်စံတင်က “ကျွန်တော်တို့မှာက ရပ်/ကျေးရော မြို့နယ်တွေမှာပါ ပါတီရုံးတွေက ရှိပြီးသားပါ။ လတ်တလောမှာတော့ ရပ်/ကျေးတွေဘက်ကိုတော့ မဆင်းသေးပါဘူး။ ပါတီမြို့နယ်အဆင့် အစည်းအဝေးတွေမှာပဲ ရပ်/ကျေးက ပါတီတာဝန်ခံတွေကို ခေါ်ယူပြီးတော့ အစည်းအဝေးလုပ်နေတာမျိုး ရှိပါတယ်။ တကယ်ရပ်/ကျေးတွေအထိဆင်းပြီးတော့ စည်းရုံးရေးလုပ်ဆောင်တာမျိုးလည်း မရှိသေးပါဘူး” ဟု ဆက်ပြောသည်။

    ၎င်းပြင် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ လျာထားခြင်း၊ ရွေးချယ်ထားခြင်း မရှိသေးကြောင်းလည်း ဆိုသည်။

    လာမည့် ဇူလိုင်လကုန်ပိုင်းခန့်မှသာ ရွေးကောက်ပွဲအတွက် ဆက်လက်လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဟု နိုင်စံတင်က ပြောသည်။

    လတ်တလော မွန်ပြည်နယ်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီများဖြစ်ကြသည့် ပြည်သူ့ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အစရှိသည့် နိုင်ငံရေးပါတီအချို့ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နေကြောင်း သိရသည်။

    စစ်ကောင်စီက ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည်ဟု ထုတ်ဖော်ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts