spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းရေးဘီလူးအဖွဲ့ဝင်ဟု သံသယရှိသည့် အမျိုးသား ၁ ဦးကို စစ်တပ်ကဖမ်းဆီးထား

    ရေးဘီလူးအဖွဲ့ဝင်ဟု သံသယရှိသည့် အမျိုးသား ၁ ဦးကို စစ်တပ်ကဖမ်းဆီးထား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အာယုတောင်ရွာ လမ်းဝတွင် စစ်ကောင်စီက ရေးဘီလူးတပ်ဖွဲ့ဝင်ဟု သံသယရှိသည့် အမျိုးသားတစ်ဦးကို ဇွန်လ (၁)ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

    အာယုတောင်အခြေစိုက် ခမရ-၃၄၃ မှ စစ်ကောင်စီတပ်သားနှင့် ရေးဘီလူးအဖွဲ့တို့အကြား ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က ၄၅ မိနစ်ခန့် တိုက်ပွားဖြစ်ပွားခဲ့ပြီးနောက် ရေး-သံဖြူဇရပ် လမ်းပိုင်းအပြင် အာယုတောင်ရွာအတွင်းနှင့် အနီးတစ်ဝိုက်ကိုလည်း စစ်ကောင်စီအဖွဲ့တို့လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုပြုလုပ်လျှက်ရှိသည်။

     အဆိုပါ စစ်ဆေးမှုတင်းကြပ်နေစဉ် ရေးဘီလူးအဖွဲ့ဝင်ဟု သံသယရှိသည့် အသက် ၃၀ ဝန်းကျင်အရွယ် ခြံလုပ်သားလူငယ်တစ်ဦးကို ခမရ – ၃၄၃ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက် စစ်ဆေးနေကြောင်း သိရသည်။

    “  တိုက်ပွဲပြီးသွားတဲ့အချိန်မှာ သူတို့(စကစ) က ရေးဘီလူးအဖွဲ့ဘက်က လူကျန်သွားတယ်လို့ သူတို့ထင်ပြီး အဲ့လူကို ဖမ်းလိုက်တာ ရိုက်လဲရိုက်ထားတယ်၊ လမ်းသွားလမ်းလာတွေကိုလည်း ဒီလူကိုသိလား အာယုတောင်ကလား သူ့ကိုသိလားဆိုပြီး လိုက်မေးနေတယ်" ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

    ဒေသခံတို့ ပြောချက်အရ ဖမ်းဆီးစစ်ဆေးစဉ် ခြံလုပ်သားလူငယ်ကို စစ်ကောင်စီတို့က ဇွန်လ ၂ ရက်နေ့က ပစ်သတ်လိုက်ပြီးဖြစ်သည်ဟုဆိုသော်လည်း IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    အဆိုပါ ခြံလုပ်သားလူငယ်သည် ရေးဒေသခံမဟုတ်သည့် ဗမာလူမျိုးဖြစ်ပြီး အာယုတောင်နှင့် အနီးအနားရှိခြံတို့တွင် နေ့စားခဖြင့် အလုပ်လုပ်ကိုင်နေကြောင်းလည်း သိရသည်။

    ယနေ့တွင် ခမရ ၃၄၃ မှ လက်နက်ကြီးပစ်ခတ်မှု မရှိသော်လည်း အာယုတောင်ကျေးရွာအတွင်းနှင့် အနီးနားရှိကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လုံခြုံရေးတင်းကြပ်ကာ စောင့်ကြည့်နေဆဲ ဖြစ်သည့်အတွက် လမ်းသွားလမ်းလာ စိုးရိမ်နေရသေးကြောင်း ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတော့မရှိဘူး ဒီနေ့က သူတို့စစ်ဝတ်စုံအပြည့်ဝတ်ပြီး ကားနဲ့ရွာလှည့်သွားလာ စစ်ဆေးနေတာရှိတယ်။ လူတွေကလည်း ခြံသွားအပြင်သွားတာ နည်းတယ် မသွားရဲကြသေးဘူး” ဟု ဒေသခံကဆက်ပြောသည်။

    ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့က ရေးဘီလူးအဖွဲ့တို့ စစ်ကောင်စီ စခန်းကုန်းကို  ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့မှ တပ်ပြန်ဆုတ်ချိန်တွင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟုလည်း သိရသည်။

    ထို့နောက် နေ့လည်ပိုင်းတွင် ရေးဘီလူးအဖွဲ့မှ ထားရှိသည့် ကာကင်းတစ်ခုကို စစ်ကောင်စီအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း တပ်စခန်းများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျှက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts