Homeသတင်းမွန်ပြည်နယ် ၇ မြို့နယ်တွင် ပါတီရုံးဖွင့်လှစ်ရန် ကျားဖြူပါတီ စီစဉ်ထား

မွန်ပြည်နယ် ၇ မြို့နယ်တွင် ပါတီရုံးဖွင့်လှစ်ရန် ကျားဖြူပါတီ စီစဉ်ထား

-

စစ်ကောင်စီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်၌ ပါတီရုံးဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း ကျားဖြူပါတီ SNDP ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့အတွင်းက မွန်ပြည်နယ်ရှိ ကျိုက်ထို၊ မော်လမြိုင်နှင့် သထုံမြို့နယ်တို့တွင် ကျားဖြူပါတီရုံးများ ဆက်တိုက်ဖွင့်လှစ်လာခဲ့သည်။

ထို့အပြင် အခြားမြို့နယ်များဖြစ်သည့် ဘီးလင်း၊ ပေါင်၊ မုဒုံနှင့် ကျိုက်မရောတို့တွင်လည်း ပါတီရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျားဖြူပါတီ SNDP မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပပြုလုပ်လို့ရတဲ့ မြို့နယ်တိုင်းကို ကျားဖြူပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်။ အခုက မွန်ပြည်နယ်က ကျိုက်ထို၊ မော်လမြိုင်နဲ့ သထုံမြို့တွေမှာ ပါတီရုံးတွေ ဖွင့်ပြီးပါပြီ။ နောက်ထပ် ၄ မြို့နယ်ထဲမှာ ဒီရက်ပိုင်းဖွင့်ဖို့ စီစဉ်ထားပါတယ်။ မွန်ပြည်နယ်ထဲမှာ ဖွင့်သမျှရုံးတွေနဲ့ပတ်သက်ပြီး ဘာမှ အခက်အခဲမရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်” ဟု SNDP ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကျားဖြူပါတီဟု လူသိများသည့် SNDP ပါတီကို ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းလဲပြီး ပြည်ထောင်စုအဆင့်ပါတီအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP သည် သျှမ်းပြည်နယ်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီရုံးပေါင်း ၁၂၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts