spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းအာယုတောင်ကျေးရွာရှိ ခမရ-၃၄၃  စခန်းကုန်းကို ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်

    အာယုတောင်ကျေးရွာရှိ ခမရ-၃၄၃  စခန်းကုန်းကို ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာ ခမရ-၃၄၃ တပ်ဝင်းရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုကို ရေးဘီလူးအဖွဲ့မှ ယနေ့မနက် ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကုန်ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ပြောပြချက်အရ သိရသည်။

     စစ်ကောင်စီ တပ်သားအင်းအား ၂၀ ခန့်ရှိသည့် အဆိုပါ  စခန်းကုန်းသို့ ဝင်ရောက်ပစ်ခတ်စီးနင်းမှုတွင် နှစ်ဖက်တိုက်ပွဲ ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စခန်းကို သိမ်းဆည်းရရှိခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့မှ တပ်ပြန်ဆုတ်ချိန်တွင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က  IMNA ကို ဆိုသည်။

    “ မနက်က ၅ နာရီမှာ စစ်ကောင်စီဂိတ်တခုကို ကျွန်တော်တို့ ဝင်တိုက်ခိုက်ခဲ့တယ် ဂိတ်က ၃၄၃ ဂိတ်ပဲ ကျွန်တော်တို့ တပ်ပြန်ဆုတ်တဲ့အချိန်မှာ ရဲဘော်တယောက် ကျဆုံးသွားတယ် ကျွန်တို့ရဲ့ရဲဘော်ကို ပြန်ရခဲ့ပေမဲ့ အသက်‌ကတော့ မရခဲ့ဘူး သူတို့ဘက်ကလဲ အများကြီးသေသွားတယ် ဆယ်ယောက်မကဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် ခမရ- ၃၄၃ တပ်ရင်းမှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့်ဆက်တိုက်ပစ်ခတ်မှု လုပ်ဆောင်ပြီး လက်နက်ကြီးကြောင့်  အာယုတောင်ရွာ အပြင်ဘက်တွင် နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ရသည်။

    ထို့အပြင် ရေး-သံဖြူဇရပ် အမှတ် ၈ လမ်းမကြီးကို ခေတ္တပိတ်ဆို့ခဲ့ပြီး အာယုတောင် ကျေးရွာအတွင်းတွင်လည်း စစ်ဆေးတင်းကြပ်နေသည်ဟု ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “ တော်လှန်းရေးဘက်က ပြန်ဆုတ်သွားတဲ့အချိန်မှာလဲ သူတို့(စကစ) လက်နက်ကြီး‌နဲ့ပစ်နေသေးတယ် အိမ်တစ်လုံး ထိသွား‌တယ် အခုကသူတို့ လမ်းတွေ အကုန်ပိတ်ထားတယ် မပေးဖြတ်ဘူး ခြံသွားတဲ့လမ်းလဲ ပိတ်ထားတယ် ဘယ်သူမှ သွားလာလို့မရသေးဘူး” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

    ထို့ကြောင့် ယနေ့တွင် ဥယျာဉ်ခြံလုပ်ငန်းလုပ်သူအများစုတို့ သွားလာရေးခက်ခဲနေကြောင်းနှင့် လုပ်ငန်းရပ်နားထားရကြောင်းလည်း ဆိုသည်။

    ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် ခမရ (၃၄၃) တပ်ရင်းမှ ကျေးရွာအပြင်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဆက်တိုက်လုပ်ဆောင်နေသည်။

    ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းများကို ဝင်ရောက်စီးနင်း ရှင်းလင်းသွားမည့်အပြင် စစ်ရေးဖော်ဆောင်မှု လုပ်ဆောင်ရန်ရှိသည့်အတွက် ဒေသခံပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီးလူးအဖွဲ့မှ မကြာခဏ တိုက်တွန်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts