spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီအဖွဲ့တို့ကို မဟုတ်မမှန်သတင်းဖြန့်နေသည်ဟုဆိုကာ ပေါင်ဒေသခံအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

    စစ်ကောင်စီအဖွဲ့တို့ကို မဟုတ်မမှန်သတင်းဖြန့်နေသည်ဟုဆိုကာ ပေါင်ဒေသခံအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးနေသည့် စစ်ကောင်စီအဖွဲ့တို့ကို မဟုတ်မမှန် သတင်းဖြန့်ပြောဆိုနေသည်ဟုဆိုကာ ပေါင်ဒေသခံအမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ကိုဖိုးဝ အကောင့်အမည်ဖြင့် လူမှုကွန်ရက်ပေါ်တွင်"ဖိနပ်မပါရင် လေညှင်းခံမထွက်နဲ့ ဖမ်းနေတယ်"ဟု Live လွှင့်ပြောဆိုထားသည့် video ဖိုင်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက  ပြန့်နှံ့လာသည့်နောက် အကောင့်ပိုင်ရှင်ဖြစ်သည့် ကဒါရပ်ကွက်နေ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးကို နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့သည်။

    အဆိုပါဒေသခံ အမျိုးသားကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပေါင်မြို့မရဲခစန်းတွင် ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။

    “သူက Live လွှင့်ပြောတာ Facebook မှာရောTikTokမှာရော သူ့ video က နေရာတကာမှာ ပျံနှံ့သွားတယ် ဖိနပ်မပါရင်လဲ ဖမ်းတယ် ၃ သောင်း ပေးရမယ်။ အဲလို Live လွှင့်လို့ ရဲတွေကသူ့ကို လာဖမ်းသွားတယ် အခုက သူတို့ အမှုဖွင့်ထားတုန်းပဲ” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဆိုင်ကယ်ကယ်ရီမောင်းနှင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်နေသည့် အဆိုပါဒေသခံအမျိုးသားကို ပေါင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဆိုသော်လည်း မိသားစုဝင်တို့က တွေ့ခွင့်မရသေးပေ။

     ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုအကြောင်းပြု၍ စစ်ဆေးတင်းကြပ်နေစဉ်တွင် လမ်းသွားလမ်းလာအပြင် လွတ်လပ်စွာပြောဆိုခွင့်တို့ပါ ဆုံးရှုံးနေကြောင်း ပေါင်ဒေသခံတစ်ဦးက ဆိုသည်။

    “ဒီလိုင်စင်မဲ့ယာဉ်တွေကို ဖမ်းနေတဲ့အချိန်မှာ အရမ်းကိုသတိထားပြီးနေရတယ်၊ မဟုတ်ရင် အချိန်မရွေးဖမ်းသွားနိုင်တယ် ကိုယ်ပြောလိုက်တဲ့ စကားက မှန်သည်ဖြစ်စေမှားသည့်ဖြစ်စေ သူတို့ကို ဝေဖန်နေရင်‌တော့ သူတို့ လူမရွေးဘူး အကုန်ဖမ်းမှာ၊ ဒါ့ကြောင့်မလို့ သတိနဲ့နေ သတိနဲ့ပြောဆိုနေရတယ် ” ဟု ဒေသခံက ဆိုသည်။

    စစ်ကောင်စီအဖွဲ့တို့ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်  စောင့်ကြည့်ရေးနည်းပညာများဖြင့် ဖိနှိပ်မှု ပိုမိုလုပ်ဆောင်လာပြီး အထူးသဖြင့် လူမှုကွန်ရက်မှတစ်ဆင့် စောင့်ကြည့်ပြီး ဖမ်းဆီးခြင်းတို့ အများဆုံးလုပ်ဆောင်နေကြောင်း ဒီဂျစ်တယ်အရေးစောင့်ကြည့်သူတို့က ဆိုသည်။

    ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေသည့် စစ်ကောင်စီအဖွဲ့တို့ကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တို့က ရှင်းလင်းပေရန်လည်း ဒေသခံပြည်သူလူတို့ လိုလားနေကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

     မွန်ပြည်နယ်အတွင်း ယနေ့အထိ လိုင်စင်မဲ့ယာဉ်တို့ကို အရှိန်မြှင့်ဖမ်းဆီးနေပြီး ဒဏ်ငွေဆောင်စေခြင်းအပြင် လိုက်ပါစီးနင်းလာသူတို့ကိုလည်း ထောင်ဒဏ်ချမှတ်နေပြီး လက်ရှိအချိန်အထိ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်အပါအဝင် ဘေးတွဲစုစုပေါင်း ရာနှင့်ချီ ဖမ်းဆီးခံထားရပြီး ပို့ကုန်၊သွင်းကုန်ဥပဒေနှင့် ဆက်လက်အရေးယူနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts