ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီး ရေပူကြီးကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ကျုံဒိုးမြို့အခြေစိုက် ခမရ-၅၄၅၊ ခမရ-၅၄၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာနှင့်ချီတို့က အနီးနားတစ်ဝိုက်ရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဇွန်လ ၈ ရက်နေ့ကစပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“အခုက ရေပူကြီးရွာဘက်မှာ ဖြစ်နေတယ်။ သူတို့(စစ်ကောင်စီ) ဘက်က အင်အားရာနဲ့ချီ စစ်ကြောင်းတွေ ထပ်ထိုးလာပြန်တယ်။ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကော့ကရိတ်က စကခ-၁၂ ကလည်း လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို လှမ်းထုတယ်။ အုန်းတစ်ပင်ရွာဘက်ကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြီးတော့ ခမရ ၅၄၅၊ ၅၄၆ ဘက်မှာလည်း ဖြစ်နေတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ၂ ဦး သေဆုံးကာ၊ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း အသေးစိတ်ကိုတော့ မသိရှိရသေးကြောင်း ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့်အနီးနားတဝိုက် ကျေးရွာဘက်ကို ကော့ကရိတ်အခြေစိုက် စကခ-၁၂ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေသည်။
“ကျုံဒိုးအနီးအနားက ရွာတွေမှာတော့ တိုက်ပွဲဖြစ်နေတယ်။ ကျုံဒိုးမြို့ပေါ်မှာတော့ ဘာမှမဖြစ်သေးဘူး။ လက်နက်ကြီးကတော့ ကျုံဒိုးအနီးက ရွာတွေထဲကို ကျတာများတယ်။ ၅၄၅၊ ၅၄၆ ဘက်မှာလည်း ကျရောက်ပေါက်ကွဲသံတွေ ကြားနေရတယ်” ဟု ကျုံဒိုးမြို့ခံတစ်ဦးက ပြောသည်။
ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့်အတွက် အဆိုပါလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီဘက်က ကြိုးပမ်းနေခြင်းသည်။