spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းမြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကောင်စီပြော

    မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကောင်စီပြော

    -

    မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိသည်ဟု စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြောသည်။

    လက်ရှိ ဖြစ်ပေါ်နေသည့် နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဟု ပြည်တွင်းမီဒီယာတစ်ခု၏ မေးမြန်းမှုကို UEC က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ရွေးကောက်ပွဲကို ကျေးရွာများတွင် လုံခြုံရေး အခြေအနေအရ မကျင်းပနိုင်သော်လည်း မြို့ပေါ်တွင် ကျင်းပ၍ ရနိုင်သည့်အနေအထားဟု မြင်မိကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    “အဲဒါက ကျနော်တို့ ဘယ်လို ပြောမလဲ လုံခြုံရေး အခြေအနေအားလုံးက ကျနော်တို့လည်း မခန့်မှန်းနိုင်ဘူးလေ။ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဒီထက် လျော့ရင်လည်း လျော့မှာပေါ့။ UEC က အဲဒီလောက် ခန့်မှန်းတာ ဖြစ်မှာပေါ့။ ကျနော်တို့ မြင်တာက ဒီလို ရှိတယ်လေ တချို့မြို့နယ်တွေမှာ အကုန်လုံး ဆုံးရှုံးသွားတယ်။ မြို့အထိပါ ဆုံးရှုံးသွားတယ်။ တချို့ မြို့တွေက ၃၃၀ ထဲမှာ မြို့နယ်တွေရော မြို့တွေရော ၂၆၇ မြို့နယ်လောက်မှာ ကျင်းပတဲ့ အနေအထားမှာ ရှိမယ်လို့ ကျနော်တို့ ထင်တယ်။ ဒါက ကျေးလက်ဒေသပေါ့နော်၊ ကျေးရွာတွေ အနေအထားကတော့ သိပ်ပြီးတော့ ကျင်းပလို့ မရပေမယ့်လဲ မြို့ပေါ်မှာတော့ ကျင်းပလို့ ရမယ့် အနေအထားပေါ့။ အဲဒီလိုပဲ မြင်မိတယ်လေ” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီက ရွေးကောက်ပွဲကို မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပသွားရန် ရှိသည်။

    လက်ရှိတွင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် တပ်စခန်းများ၊ ဗျူဟာကုန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သလို မြို့ပေါင်း ၉၇ မြို့အထိ သိမ်းပိုက်ရရှိထားသည်။

    စစ်ကောင်စီကိုယ်၌ မြို့နယ် ၂၆၇ မြို့နယ်တွင် အာဏာမစိုးမိုးနိုင်သည့်အနေအထားဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    “သူတို့(စစ်ကောင်စီ) စိုးမိုးနယ်မြေ ၂၆၇ မြို့နယ်‌ ရှိသေးလား။ သူတို့ကိုယ်တိုင် အာဏာမစိုးမိုးဘဲနဲ့ ၂၆၇ မြို့နယ်ဆိုတဲ့ဟာက ဘယ်လိုမှတော့ သမရိုးကျဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ အခုကလည်း ရွေးကောက်ပွဲ စနစ်တွေက သူတို့က ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲတယ်။ ပြင်တယ်။ အွန်လိုင်းကပဲ ပေးရမလိုလို လုပ်နေကြတယ်ဆိုတော့လေ ရှင်းရှင်းပြောရရင် Free & Fair (လွတ်လပ်၍တရားမျှတ) ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာမျိုးပေါ့” ဟု ပြောသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်ဘေးရှောင်များပါ အဝေးမှ မဲပေးရမည်ဟု အသံထွက်လာကြောင်း၊ ၎င်းတို့ဖွဲ့စည်းထားသည့် UEC သည်လည်း ပါတီများကို ပြောင်းလဲခြင်း၊ ရွေးကောက်ပွဲစနစ်များပါ ပြောင်းလဲ၍ အတည်တကျ မရှိကြောင်း ဦးမျိုးကျော်က ဆက်ပြောသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန် လျာထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

    စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစု၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ကန့်ကွက်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း မပျက်ပျက်အောင် ဖျက်မည်ဟု ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts