ကရင်အမျိုးသားအစည်းအရုံး KNU မှ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အခြေခံလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်သိမ်းပိုက်နေဆဲဖြစ်ကြောင်း KNU တာဝန်ရှိသူတို့က ပြောသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ရာ ၂၀၂၄ ဒီဇင်ဘာလအထိ မာနယ်ပလောဌာနချုပ်ဟောင်းကိုပြန်သိမ်းနိုင်ခဲ့သည့်အပြင် တပ်မဟာ (၇)မှ တပ်စခန်းအများစုတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် တပ်မဟာ (၆)နှင့် တပ်မဟာ (၄)အတွင်းရှိ နယ်စပ်ဂိတ်များကိုလည်း ပြန်လည်သိမ်းပိုက်နေပြီး၊ ကျန်အဆင့်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု KNU ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ပဒိုးစောတောနီးက ပြောသည်။

“ကျနော်တို့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်မြေကမြောက်ပိုင်းတွေဆို တပ်မဟာ(၅) ကစပြီးတော့ပထမဦးဆုံးစတင်ရှင်းလင်းလိုက်တယ်ပေါ့၊ အခုကတပ်မဟာ(၆) ဆိုကုန်ခါနီးပြီး နည်းနည်းပါးပါး ကျန်တယ်။ တပ်မဟာ (၄ )လည်းအရေးကြီးတယ် ထီးထ၊ထီးခီးနယ်စပ်ဂိတ်တွေကို ပြန်သိမ်းလို့ရနေပြီးလေ ကျန်တဲ့ဟာတွေတော့နောက်တစ်ဆင့်မှာပဲနော်” ဟု ၎င်းကပြောသည်။
KNU ၏ စစ်ရေးမဟာဗျူဟာသည် မြောက်ပိုင်းအဖွဲ့ကဲ့သို့ မြို့သိမ်းထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ နယ်စပ်ရှိ တပ်စခန်းများကိုဦးတည်ထိန်းချုပ်သည့်ပုံစံဖြစ်သည့်အပြင် စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးနှင့် ငွေကြေးစီးဆင်းမှုလျော့နည်းစေရန် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းလည်း မွန်တော်လှန်ရေးအဖွဲ့မှ နိုင်ငံရေး စစ်ရေးလ့လာနေသူတစ်ဦးက ပြောသည်။
“ ကရင်တွေရဲ့ဗျူဟာကအမြစ်ကနေပြီး အကုန်အရင်ဖြတ်တောက်တယ်၊ ဒီထိုင်းနယ်စပ်မှာဆိုရင် ထွက်ပေါက်အကြီးကြီးဖြစ်တဲ့ဘုရားသုံးဆူနဲ့ မြဝတီရဖို့အတွက်ပဲ၊ ကူးသန်းရောင်းဝယ်ရေးကိုထိန်းထားလိုက်ရင်စစ်တပ်တွေ ကူးသန်းရောင်းဝယ်မှုဆီကနေရလာတဲ့ ငွေကြေးတွေလည်း လျော့သွားနိုင်တယ်၊ နောက်ဆုံးထိုင်းတွေနဲ့ ဆက်ဆံရေးကအစ တစ်နည်းနည်းနဲ့ ရသွားနိုင်တယ်” ဟု ၎င်းကပြောသည်။
မြို့သိမ်းထိုးစစ်ဆင်တိုက်ခိုက်သည့် ဗျူဟာမဟုတ်ဘဲ စစ်တပ်သွားရာလမ်းပိုင်းနှင့် နယ်စပ်စခန်းများကိုရှင်းလင်းတိုက်ထုတ်ခြင်းသည် ပြည်သူများကိုထိခိုက်မှုနည်းပါးစေခြင်း၊ တပ်သားအင်အားဆုံးရှုံးမှုနှင့် မြို့တွင်းအပျက်အစီးနည်းပါးစေသည်ဟုလည် ဆက်ပြောသည်။
လက်ရှိ ထိုင်း – မြန်မာနယ်စပ်ရှိ အဓိကအရေးပါသည့် ဥကရစ်ထ၊ ဝေါလေဗျူဟာကုန်း၊ တီသဲလယ်နှင့် ထီးကပလယ်စခန်း ၄ ခုတို့ကို KNU နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်နေဆဲဖြစ်သည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့က သိမ်းပိုက်ရရှိထားသည့် တနင်္သာရီတိုင်းဒေသကြီးမှ ထီးခီးစခန်းကုန်သွယ်ရေးဂိတ်တို့ကို ဦးဆောင်လည်ပတ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့သည့် ဒူပလာယာခရိုင်ရှိ တပ်စခန်းအချို့တို့ စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည့် အခြေအနေတို့လည်း ရှိနေကြောင်း သိရသည်။