မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့် ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းနှင့် မြို့ရှောင်လမ်းဆုံအနီးတွင် စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည်။

လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု လုပ်ဆောင်နေစဉ် ဆိုင်ကယ်ဖြင့် လာသည့် သေနတ်သမားတစ်ဦးက ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ဒုရဲအုပ်ဝင်းကြိုင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကာ ဆိုင်ကယ်အား မောင်းပြေးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ယာဉ်စစ်လုပ်နေတဲ့နေရာမှာ တပ်ကရော၊ ရဲတွေရော၊ ပျူစောထီးတွေရောရှိနေတာကို ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားက ဒုရဲအုပ်ဝင်းကြိုင်ကို သေနတ်နဲ့ ဝင်ပစ်သွားတာ။ သေနတ်သံကြားတော့ အဲအနီးဝန်းကျင်မှာရှိတဲ့သူတွေအကုန် ဝပ်နေကြရတယ်။ ရဲတွေ၊ ပျူတွေလည်း အကုန်ဝပ်နေကြတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဒုရဲအုပ်ဝင်းကြိုင်ကို သေနတ်ဖြင့် ပစ်သတ်ပြီး လွတ်မြောက်သွားသည့် ဆိုင်ကယ်စီးသေနတ်သမားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ရှာဖွေမှုလျက်ရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ညနေ ၆ နာရီအချိန်ခန့်ကလည်း ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာအနီး ဘီးလင်း – တောင်စွန်းကားလမ်းတွင် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးဖမ်းဆီးနေသည့် စစ်ကောင်စီလက်အောက်ခံအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးဖမ်းဆီးနေသည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည့်အပြင် အရပ်သားတစ်ဦးလည်း သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။