spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင်ဒေသခံ ၆ ဦးထက်မနည်းသေဆုံး

    ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင်ဒေသခံ ၆ ဦးထက်မနည်းသေဆုံး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မွန်၊ကရင်ဒေသခံတို့နေထိုင်သည့် ပိုင်ရပ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် သေဆုံးသူ ၆ ဦးထက်မနည်းရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များအရ သိရသည်။

    ယနေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်ခန့်က ပိုင်ရပ်ကျေးရွာအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လေယာဉ်ဖြင့် ကျေးရွာအတွင်းသို့ ဗုံး ၅ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သည်။

    အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ထူကိုယ်ထပုံစံဖြင့် စာသင်ကြားနေသည့် နေအိမ် ပျက်စီးသွားသည့်အပြင် ကလေးငယ် ၃ ဦးအပါအဝင် ဆရာမ ၁ ဦးနှင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု သိရသည်။

    “ကျောင်းသား/သူ ကလေးငယ်လေးတွေ အများကြီးထိသွားကြတယ်။ ခုလက်ရှိကတော့ ဆေးကုသနေ ရတဲ့အချိန်ဆိုတော့ အကုန်လုံးအတိအကျမသိသေးဘူး”ဟု မြေပြင်ရောက်တော်လှန်ရေးရဲဘော်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိထားသူတို့ကို ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ကညင်ကတိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

    စစ်ကောင်စီတပ်တို့သည့် ယနေ့ မနက်ပိုင်းတွင်လည်း ကျုံဒိုးဒေသဘက်သို့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးပြီး မွန်းလွဲပိုင်းတွင် ပိုင်ရပ်ကျေးရွာအတွင်းသို့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ပြောကြားချက်အရ သိရသည်။

    ကော့ကရိတ်နှင့် ကျုံဒိုးမြို့အတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစ၍ စစ်ကောင်စီစစ်ကြောင်းတို့တိုးလာနေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

    ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အုန်းတစ်ပင်ရွာကို စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

    စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၃၀ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်ဆဲထားခြင်းဖြစ်သော်လည်း လက်တွေ့အခြေအနေနှင့် ကင်းကွာနေသဖြင့် ၎င်းတို့၏ ကြေညာချက်များကို ဒေသခံပြည်သူတို့က အယုံကြည်ကင်းမဲ့နေရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts