Homeသတင်းသေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

-

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်၊ မြဝတီ-ဝေါလေးကားလမ်းပေါ်ရှိ စစ်ကောင်စီ သေ့ဘောဘိုးစခန်းကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA နှင့် ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

သေ့ဘောဘိုးစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မေလ ၂၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ညနေ ၇ နာရီလောက်မှာ စခန်းကို ကျနော်တို့ သိမ်းပိုက်နိုင်သွားပြီ။ သိမ်းလိုက်ပြီးတော့ လေယာဉ်တွေနဲ့ ဗုံးလာကြဲတယ်။ အနီးအနားစခန်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုနေဆဲပဲ” ဟု စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၃ စီး၊ Y12 လေယာဉ် ၂ စီးဖြင့် ဆက်တိုက်ဗုံးကြဲချတိုက်ခိုက်နေသည့်အပြင် ဝေါလေဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်ကူနေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ကူသည့် လက်နက်ကြီးသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာထဲ ကျရောက်ပေါက်ကွဲနေသည်လည်း ရှိသည်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချသည့် စစ်ကောင်စီတပ်သားများရှိသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်လက်နက်ပစ္စည်းများ အများအပြား သိမ်းဆည်းရမိကြောင်း သတင်းထွက်နေသော်လည်း အသေးစိတ်ကိုတော့ မသိရှိသေးပေ။

လက်ရှိတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်းနှင့် သေ့ဘောဘိုးစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ဥကရစ်ထ၊ ဝေါလေဗျူဟာကုန်း၊ ထီးဘဲဘလယ်၊ ထီးတပလော၊ အူးတရိခီးနှင့် ကာကင်းစခန်းများသာ ကျန်ရှိတော့ကြောင်း တော်လှန်ရေးသတင်းအမြစ်တို့၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts