Homeသတင်းဘီးလင်းတွင် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဘီးလင်းတွင် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာနေ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က သစ်တိုကျွန်းကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာမိုး (ခ) ကုလားမသည် ၎င်းနေအိမ်အနီး လမ်းပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဒေါ်သီတာမိုး (ခ) ကုလားမကို အမည်မသိသေနတ်သမား ၂ ဦးတို့က ဆိုင်ကယ်ဖြင့် အနောက်ကနေ ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်သီတာမိုး (ခ) ကုလားမသည် ညာဘက်မျက်ခုံး၊ ညာဘက်နို့အုံ၊ ညာဘက်ဝမ်းဗိုက်၊ ညာဘက်ခါးစောင်း၊ ဘယ်ဘက်ခါးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပင်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“သေနတ်သမားတွေက အနိုင်းပွန်ရွာဘက်နေ ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ ဒေါ်သီတာမိုးကို ပစ်သွားတာ။ ပြီးတော့ ဇုတ်သုတ်ရွာဘက်ကို ဆိုင်ကယ်မောင်းပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်သီတာမိုး (ခ) ကုလားမသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ဒေါ်သီတာမိုး (ခ) ကုလားမကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရှိရသေးပေ။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည့် ဒေါ်သီတာစိုး (ခ) ကုလားမ၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ ဘီးလင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း လက်သည်မပေါ်သည့် လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် မေလတစ်လအတွင်း၌ပင် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ၅ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts