Homeသတင်းထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်း တိုက်ခိုက်ခံရ

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်း တိုက်ခိုက်ခံရ

-

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အင်အား ၇၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက သေ့ဘောဘိုးစခန်းကို အင်အားဖြည့်တင်းရန် ချီတက်လာစဉ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သားအချို့ သေဆုံးပြီး၊ ၃၀ ဦးကျော် ဖမ်းဆီးခံထားရသလို အချို့ကလည်း ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု KNLA နှင့် နီးစပ်သည့် တော်လှန်ရေးသတင်း အရင်းအမြစ်တစ်ဦးက ပြောသည်။

“စစ်ကြောင်းတစ်ကြောင်းလုံး အပြုတ်ပဲ။ အယောက် ၃၀ လောက်ကိုတော့ ဖမ်းဆီးရမိတယ်။ ကျသွားတာလည်း ရှိတယ်။ ပြီးတော့ ထိုင်းဘက်ကို ပြေးသွားတာလည်း ရှိနေတယ်။ သေ့ဘောဘိုးစခန်းက မကြာခင် သိမ်းရတော့မှာ။ သူတို့(စစ်ကောင်စီ) က DKBA နယ်မြေဘက်နဲ့ ထိုင်းဘက်ခြမ်းကနေ ပတ်ဝင်လာတာ” ဟု အထက်ပါ တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးရွာထိပ်ရှိ စစ်ကောင်စီစခန်းနှင့် ကာကင်းစခန်းအချို့ကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်နေသည်။

သေ့ဘောဘိုးစခန်းအနီးတစ်ဝိုက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲံများ စစ်ရေးစတင်လှုပ်ရှားခဲ့သည့် မေလ ၂၇ ရက်နေ့ကစပြီး ဝေါ်လေ၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်ဒေသက ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့က ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိနေသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ ညနေပိုင်းက သေ့ဘောဘိုးအနီးရှိ စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts