spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်တွင် စစ်တပ်က အသွားအလာပိတ်ထားသည့်အတွက် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာ

    ကော့ကရိတ်တွင် စစ်တပ်က အသွားအလာပိတ်ထားသည့်အတွက် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားသည်အတွက် ဒေသတွင်း ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကော့ကရိတ်မြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီက ကော့ကရိတ်မြို့ အဝင်အထွက်ကို ပိတ်ပင်ခဲ့သလို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းကိုလည်း တားမြစ်ခဲ့သည်။

    စစ်ကောင်စီဘက်က ထိုသို့တားဆီးပိတ်ပင်ထားသည့်အတွက် ဒေသတွင်း စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့လာရကြောင်း၊ ဒေသခံတို့က ကုန်ပစ္စည်းများကို တောလမ်း အသုံးပြုပြီး တင်သွင်းကြရသည့်အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာကြောင်း ကော့ကရိတ်ဒေသခံတို့က ပြောသည်။

    “ကော့ကရိတ်မြို့အဝင်အထွက်ကို အကုန်ပိတ်ထားတာ နှစ်လလောက်ရှိပြီလေ။ တောလမ်းကနေ သွားလာနေကြတော့ အခု မိုးရာသီရောက်တော့ လမ်းတွေက ပိုဆိုးတယ်။ အဲလို သွားလာရတာ တအားခက်ခဲလာလို့ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာတယ်။ ကုန်ဈေးနှုန်းတွေ အရမ်းတက်ပြီး လိုချင်တိုင်းလည်း ဝယ်မရဘူး။ အဆင်ပြေသလိုပဲ စားသောက်နေကြရတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    မြို့အဝင်အထွက် ပိတ်ထားစဉ် ဝင်ထွက်သွားလာသူများကို တွေ့လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးပြီး ရိုက်နှက်မှုများ ရှိနေသလို ဖမ်းဆီးခေါ်ဆောင်သွားသည်လည်း ရှိနေသည်ဟု သိရသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က နေရာယူထားသည့် ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြင်ကနေ ဝိုင်းဝန်းပိတ်ဆို့ထားသည်ဟု ကော့ကရိတ်စစ်မြေပြင်ရောက် တော်လှန်ရေးသတင်းအရင်းအ မြစ်တစ်ဦးက ပြောသည်။

    “အခုမှာက ကော့ကရိတ်ကနေ အပြင်ထွက်ဈေးဝယ်တာတွေ၊ သွားလာနေတာတွေ မိရင် စကစတပ်သားတွေက ရိုက်နှက်တယ်။ မသင်္ကာရင် တခါတလေ ဖမ်းသွားတယ်။ အဲကြောင့် ဘယ်သူမှ မထွက်ရဲကြဘူး။ သူတို့ကျတော့ လေယာဉ်နဲ့ ရိက္ခာတွေ လာချပေးနေတယ်။ အခုက ကော့ကရိတ်ရော ကျုံဒိုးရောက ကျနော်တို့ ပိတ်ဆို့ထားတယ်။ သူတို့စခန်းတွေကိုလည်း တောက်လျှောက် သိမ်းနေတယ်။ ကျနော်တို့ အတင်းဝင်းတိုက်လို့ရပေမဲ့ အထဲမှာ ပြည်သူတွေ ထိခိုက်မှာစိုးလို့ အပြင်ကနေပဲ ဝိုင်းပိတ်ဆို့ထားတယ်” ဟု ၎င်းတော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

    အလားတူ တိုက်ပွဲဖြစ်ပွားနေသည့် ကျုံဒိုးမြို့ဘက်တွင်လည်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့်အနေအထားကြောင့် ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်နေသည်ဟု ကျုံဒိုးမြို့ခံတို့က ပြောသည်။

    “ဒီရက်ပိုင်း ကျုံဒိုးမှာ ဆက်သွယ်ရေးလိုင်းတွေ နည်းနည်းဖြတ်တောက်ချင်လာတဲ့ သဘောမျိုးရှိတယ်။ ဖုန်းတာဝါတိုင်တွေ ချွတ်ယွင်းနေတာကို လာပြင်ပေးတာတွေ မရှိဘူး။ ဖုန်းဘေလ်တွေလည်း ဝယ်မရတော့ဘူး။ အဓိကကတော့ စက်သုံးဆီပေါ့။ အရမ်းဝယ်ရခက်နေတယ်။ ကျုံဒိုးက ကော့ကရိတ်လို အဝင်အထွက်ပိတ်ထားတာ မရှိသေးပေမဲ့ ကုန်စည်စီးဆင်းမှုက ရပ်တန့်နေတယ်” ဟု ကျုံဒိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    ကော့ကရိတ်နှင့် ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်စခန်းများမှ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။

    လက်ရှိတွင် ကော့ကရိတ်မြို့အပါအဝင် ဘားအံ-ဂျိုင်းတံတားကားလမ်းတစ်လျှောက်နှင့် ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတို့က စစ်အင်အား၊ လက်နက်အင်အားများ ဖြည့်တင်းနေပြီး ခံစစ် ပြင်ဆင်နေကြသည်။

    တစ်ဖက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ဖော်ဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks