Homeသတင်းအပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇) ဖွဲ့ (7 EAO Alliance )၏ အဆိုပြုချက်တို့ကို စစ်ကောင်စီအရေးမလုပ်ဟုဆို

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇) ဖွဲ့ (7 EAO Alliance )၏ အဆိုပြုချက်တို့ကို စစ်ကောင်စီအရေးမလုပ်ဟုဆို

-

အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance မှ အဆိုပြုချက်တို့ကို စစ်ကောင်စီမှ အရေးမလုပ်ဟု မွန်ညီညွတ်ရေးပါတီမှ အလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိပြောင်းလဲဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုဘဝဒုက္ခများကို ကျော်လွှားနိုင်ရန်အတွက် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance မှ နှစ်ရက်တာ အစည်းအဝေးကျင်းပပြီးနောက် အချက်(၅) ချက်ပါ အဆိုပြုချက်ကို ပြီးခဲ့သည့် မေလ ၅ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

"အပစ်ရပ်(၇) ဖွဲ့ရဲ့ အဆိုပြုချက်တွေကို ကောင်းတယ်လို့လည်းမပြောဘူး၊ ဆိုးတယ်လို့လည်းမပြောဘူး၊ အဓိပ္ပါယ်က ဒီလူ(အပစ်ရပ် ၇ ဖွဲ့) တွေရဲ့ အဆိုပြုချက်ကို အရေးမလုပ်နေဘူး"ဟု မွန်ညီညွတ်ရေးပါတီမှ အလုပ်မှုဆောင်ကော်မတီတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ 7 EAO Alliance မှ ပဋိပက္ခတွင် ပါဝင်သူများအားလုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲ အပစ်ရပ်ကြေညာရန်၊ သက်ဆိုင်သူများအကြား ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကတိကဝတ်ပြုရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန် စသည့် အချက် ၅ ချက်ပါအကြောင်းအရာတို့ကို ထုတ်ပြန်ထားသည်။

"သူတို့တင်ပြထားတဲ့ အဆိုပြုချက်တွေကို ဒီအပြင်ကလူရော စစ်ကောင်စီဘက်ကရောပဲ ကောင်းတယ်လို့ပြောလာတာမရှိဘူး၊ ဒါပေမဲ့ စစ်ကောင်စီအဖွဲ့တွေက သူတို့ခင်းထားတဲ့လမ်းကြောင်းအပေါ်ကို လာမရှုပ်တဲ့အတွက်၊ ဒီစီမံကိန်းကို ဖျက်ပြီး၊ အခြားစီမံကိန်းတစ်ခုကို လိုက်စားသွားတာက သူတို့အလေ့အထမဟုတ်ဘူး၊ ဒါမဲ့ ရှင်းရှင်းပြောရရင် သူတို့(စစ်ကောင်စီ) အရေးမလုပ်နေဘူးဆိုတာပဲ"ဟု ဆက်ပြောသည်။

7 EAO Alliance မှ ပြီးခဲ့သည့် ဧပြီ (၂၉၊ ၃၀)ရက်နေ့က ဦးဆောင်အဖွဲ့အစည်းအဝေးကို နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှုးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းရေးမှုးတို့က အွန်လိုင်းမှ တက်ရောက်တွေ့ဆုံခဲ့ကြပြီး အထက်ပါ အဆိုပြုချက်(၅) ချက်ကို ချမှတ်နိုင်ခဲ့သည်။

နှစ်ရက်တာဆွေးနွေးပွဲနှင့်ပတ်သတ်၍ "ချုပ်ပြောလိုက်မယ်ဆိုရင် ဒီနှစ်ရက်တာအစည်းအရေးမှာ ကျနော်တို့ စုဖွဲ့မှုထဲမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ရှေ့လုပ်ငန်းစဉ်လို့ပဲပြောရမလား၊ ကျနောတို့ အခေါ်အနေနဲ့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ်ဆိုပြီးတော့ အဆင့် ၅ ဆင့်ရှိပါတယ်။ ကျနော်တို့အနေနဲ့ လမ်းပြမြေပုံလို့တော့ ခေါ်ဖို့အစီအစဉ်မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး နိုင်ငံတစ်နှံ့တစ်လျား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအကြပ်အတည်းတွေ ကျော်လွှားဖို့ဆိုရင် ကျနော်တို့ ၇ ဖွဲ့ထဲနဲ့လည်း လက်တွေ့အားဖြင့် သဘာဝမကျဘူးပေါ့လေ" ဟု ဗိုလ်မှုးကြီး စောကျော်ညွန့်က IMNA ကို ပြောသည်။

စစ်ရေးပဋိပက္ခများ၊ သဘာဝဘေးများ ကြုံတွေ့နေရသည့် ပြည်သူတို့အတွက် မိမိတို့ 7 EAO Alliance က နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်းလည်း ဆက်ပြောသည်။

7 EAO Alliance ကို စစ်ကောင်စီနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇) ဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မွန်ပြည်သစ်ပါတီ(NMSP )၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA )၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) )၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU )၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO )နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP ) တို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts