spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် နေအိမ်အတွင်းရှိ လင်မယားနှစ်ဦးကို လူ ၅ ဦးမှ ဝင်ရောက်ရိုက်နှက်

    ရေးမြို့နယ်တွင် နေအိမ်အတွင်းရှိ လင်မယားနှစ်ဦးကို လူ ၅ ဦးမှ ဝင်ရောက်ရိုက်နှက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်‌ကျေးရွာရှိ နေအိမ်တွင် နေထိုင်နေသည့် လင်မယားနှစ်ဦးကို အမည်မသိ လူ ၅ ဦးတို့မှ တုတ်ဖြင့်ဝင်ရောက်ရိုက်နှုက်မှု ဖြစ်ပွားခဲ့ပြီး  နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

     မေလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် မော့ကနင်ကျေးရွာ၊ကော့လဝဲရပ်ကွက်‌ နေအိမ်အတွင်း နေထိုင်နေသည့်  ဦးလင်း အသက် (၆၀)နှင့် ဇနီးဖြစ်သူ ဒေါ်ရှု အသက် (၅၅)တို့ကို  အရပ်ဝတ်ဝတ်ဆင်ကာ မျက်နှာအုပ်ထားသည့် လူ ၅ ဦးတို့မှ ဝင်ရောက်ရိုက်နှက်ခဲ့သည်။

    နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းတို့ကို ယူဆောင်ခြင်းမပြုဘဲ လင်မယားနှစ်ဦးကို ရိုက်နှက်ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ကြောင်း မော့ကနင် ရွာခံတစ်ဦးက ဆိုသည်။

    Screenshot

    “အစက ခွေးအူးလို့ သူတို့က တံခါးဖွင့်ပြီးကြည့်တယ် အဲ့ချိန်မှာပဲ သူတို့ဝင်ရိုက်တာ ဘယ်သူလဲတော့ မသိဘူး။ မျက်နှာအုပ်ထားတယ် အိမ်ထဲထိဝင်သွားတယ်၊ အမျိုးသမီးက ခေါင်းကွဲသွားတယ်၊ အမျိုးသားဖြစ်သူ ခေါင်းလဲကွဲတယ် တခြားနေရာလဲ ထိသေးသွားတယ်” ဟု  ပြောသည်။

    အဆိုပါအမည်မသိလူ ၅ ဦးတို့သည် အသင့်ယူဆောင်လာသည့် တုတ်ပိုင်းနှင့်အတူ ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး အသက်အလတ်ပိုင်း အရွယ်လူများဖြစ်သည်ဟု ဆက်ပြောသည်။

    ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးတို့ လက်ရှိ လမိုင်းဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိရာ ၎င်းတို့ကို ရိုက်နှက်မှုကျုးလွန်ခဲ့သူ အမည်မသိ လူ ၅ ဦးကို အမှုဖွင့်ဖွင့် တိုင်ကြားသွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။

    “ဘာကြောင့်ရိုက်သွားလဲ ဘယ်လိုဖြစ်တာလဲ မေးတော့ သူတို့က မဖြေချင်တော့ ဘယ်သူကမှ ထပ်‌မမေးတော့ဘူးပေါ့၊ ဒါပေမဲ့ သူတို့ အမှုဖွင့်မယ်လိုတော့ ပြောတယ်” ဟု အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။

    ရိုက်နှက်ခံရသည့် အဆိုပါ လင်မယားနှစ်ဦးမှ ဦးလင်းဆိုသူသည် လေဖြတ်ရောဂါခံစားနေရပြီး ခြံလုပ်ငန်းလုပ်ကိုင်သည့် သာမန် ဒေသခံတို့သာဖြစ်ကြောင်း သိရသည်။

     ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့တွင် လမိုင်းမြို့ ကော့ဒွတ်ကျေးရွာမှ ကျိုက်မင်ဝ ကမ်းခြေဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ညီအစ်အမနှစ်ဦးထံမှ ဝတ်ဆင်ထားသည့် ဆွဲကြိုးများအား အခြားဆိုင်ကယ်တစ်စီးမှ လူငယ်များမှ လုယက်ရန်ကြိုးစားရာမှ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ညီအမနှစ်ဦးလုံး သေဆုံးခဲ့ရကြောင်း သိရသည်။

     စစ်အာဏာသိမ်းပြီးနောက် လမိုင်းမြို့ပေါ် ရဲစခန်း ပုံမှန်ဖွင့်လှစ်ခြင်းမရှိဘဲ လက်ရှိတွင် စခန်းပိတ်ထားပြီး ရဲတပ်ဖွဲ့ဝင်များမှ မော့ကနင်ကျေးရွာအခြေစိုက်တပ်စခန်းသို့ ပြောင်းရွေ့ထားသည့်အတွက် တိုင်တန်းရန် အခက်ခဲရှိနေကြောင်း၊ အဆိုပါ ဒေသအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကြောင့် ခိုးဆိုလုယက်မှုနှင့် သတ်ဖြတ်မှု ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

     ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရရှိခဲကြောင့် IMNA မှ စုဆောင်းထားသည့် သတင်းအချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts