စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် ကော့ကရိတ်နှင့် ကျုံဒိုးဒေသတို့တွင် ကုန်စည်ပြတ်လပ်ပြီး သူခိုးသောင်းကျန်းနေသည်ဟု ဒေသခံတို့က ပြောသည်။
အဆိုပါ တိုက်ပွဲကြောင့် ဒေသခံပြည်သူအချို့က မော်လမြိုင်၊ ကျိုက်မရော၊ ဘားအံနှင့် ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ချိန်အထိ နေရပ်မပြန်နိုင် ကြသေးပေ။
ဒေသတွင်းတိုက်ပွဲနှင့် စစ်ရေးတင်းမားမှု ဆက်ရှိနေသေးသည့် အခြေအနေများကြောင့် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ရှိ အချို့လမ်းပိုင်းများ ဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီတပ်တို့ ကန့်သတ်ပိတ်ပင်ထားပြီး ကုန်စည်ပြတ်လပ်လာသည့်အတွက် သူခိုးသောင်းကျန်းနေသည်ဟု ကျုံဒိုးဒေသခံတို့က ပြောသည်။

“ကော့ကရိတ်ကတော့ မြို့ထဲကလူတွေလည်း အပြင်ထွက် မရသလို အပြင်ကလူတွေလည်း ဝင်ထွက်လို့မရဘူး။ အဲလိုဖြစ်တော့ ကုန်စည်တွေ လုံးဝကို ပြတ်လပ်နေတယ်။ ဓာတ်ဆီတွေတော့ လုံးဝကို ရှာဝယ်မရတော့တာ။ မြို့ထဲမှာ ရှိတဲ့ လက်ကျန်ကုန်စည်တွေကိုပဲ ရှာဝယ်ရတော့ ဈေးတွေ တအားထိုးတက်နေတယ်။ အဲကြောင့် ခိုးမှုတွေ တော်တော်များများ ဖြစ်နေတယ်။ ကုန်စည်ပြတ်လပ်တာတွေအပြင် ဆက်သွယ်ရေးကလည်း ဘာတစ်ခုမှ မရတော့ဘူး။ ကျုံဒိုးမှာလည်း စီးပွားရေးက လုံးဝရပ်တန့်သွားတဲ့အခြေအနေမှာ ဖြစ်နေတယ်။ ကျုံဒိုးက စီးပွားရေးလုပ်ငန်းရှင် တော်တော်များများကလည်း မြို့ကနေ ရှောင်ထွက်ကြကုန်ပြီ။ ပစ်ခတ်မှုတွေ နည်းနည်းတည်ငြိမ်ရင် အိမ်တွေကို လာကြည့်လိုက် ပြန်သွားလိုက် အဲလိုအခြေအနေတွေတော့ ရှိတယ်။ အဲကြောင့် သူခိုးပေါနေတယ်” ဟု ကျုံဒိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကုန်စည်ပြတ်လပ်ပြီး စားဝတ်နေရေး ခက်ခဲလာသည့်အတွက် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများသည် စစ်ဘေးရှောင်နေအိမ်များကို ဝင်ရောက်လာပြီး အိမ်ဖောက်ခိုးယူခြင်း၊ တန်းဖိုးကြီးပစ္စည်းများ ခိုးယူရောင်းစားခြင်းများ ပြုလုပ်လာကြသည်ဟု ဆိုသည်။
“သူခိုးတွေကျတော့ ရပ်ကွက်အတွင်းက လူတွေကပဲ ခိုးနေတာ။ နည်းနည်းဝါးဆိုးတဲ့လူတွေပေါ့နော်။ အဲလိုလူတွေက လူမရှိတဲ့အိမ်ထဲတွေကို ဝင်ပြီးတော့ မရှိရှိတာလေးတွေကို အကုန်ခိုးယူသွားတယ်။ ညီမတို့ဘက်မှာတော့ အဲလိုတန်းဖိုးကြီးပစ္စည်း ယူဆောင်တာတွေက မကြားမိသေးဘူး။ ရှိရင်လည်း ရှိနိုင်ပေါ့နော်။ ညီမ သူငယ်ချင်းအိမ်မှာတော့ မီးကြိုးတွေ၊ မီးသီးတွေပါမချန် မီးကြိုးထဲက ကြေးတွေကို တောင် ခိုးတယ်။ ခိုးပြီး အမှိုက်တွေကို ဒီတိုင်းပဲ ပလာထားတာ။ ကော့ကရိတ်က ကျုံဒိုးထက် သူခိုးသောင်းကျန်းမှုက ပိုဆိုးနေတယ်”ဟု ကျုံဒိုးမြို့ခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။
လက်ရှိ စစ်ရေးတင်းမားနေသည့် ကော့ကရိတ်နှင့် ကျုံဒိုးဒေသခံများကို မြို့မှ ထွက်ခွင့်မပေးဘဲ ပိတ်ပင်ကန့်သတ်ထားခြင်းသည် ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း၊ စစ်ရှောင်နေအိမ်များကို ရပ်ကွက်ပြည်သူများအပြင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကလည်း ခိုးယူလျက်ရှိသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင် (HUFROM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
“မိမိတို့ဒေသကနေ ထွက်ချိန်မရဘဲ ပိတ်မိနေတဲ့ ပြည်သူတွေ အများကြီး ရှိတယ်။ အဲလူတွေကလည်း ဘယ်လိုမှ သွားလာလို့ မရဘူး။ သွားလာနေတာ တွေ့တော့လည်း ငွေတောင်းမယ်။ တစ်ခါတစ်လေ သွားခွင့်မပေးဘူ။ ဒေသခံပြည်သူတွေက စစ်ရှောင်ချင်ပေမဲ့ မပေးထွက်ဘူး။ ဓားစာခံအဖြစ် ထားထားတယ်။ ပြည်သူတွေကို နှိပ်စက်မယ်ဆိုတဲ့သဘောပေါ့နော်။ စစ်ရှောင်အိမ်တွေ၊ လူမရှိတဲ့အိမ်တွေကိုလည်း အခွင့်အရေးရရင် ရသလို သူတို့(စစ်ကောင်စီ) ခိုးမယ်။ ဒီလိုမျိုးဖြစ်အောင် လုပ်ဖို့ကလည်း သူတို့စစ်ရေးဗျုဟာပဲလေ” ဟု နိုင်အဲမွန်က ပြောသည်။
ကော့ကရိတ်နှင့် ကျုံဒိုးမြို့မှ ကျေးရွာချင်းဆက်လမ်းပိုင်းများကို တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဧပြီလလယ်ခန့်ကစပြီး စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် နေရာယူတပ်စွဲထားကာ ယနေ့ချိန်အထိ ပိတ်ပင်ထားကြောင်း သိရသည်။


