ရွှေ့ပြောင်းလုပ်သားတို့ လာမည့် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မွန်ပြည်နယ်တွင် ပါဝင်မဲပေးနိုင်ရေး မွန်နိုင်ငံသား စိစစ်ရေးကဒ်လုပ်ဆောင်ပေးနေကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ရွှေ့ပြောင်းလုပ်သားတို့သည် စစ်ကောင်စီ၏မိတ်ဖက် နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် မဲအင်အားတစ်ခုဖြစ်စေပြီး ရွေးကောက်ပွဲကျင်းပဖြစ်မည်ဆိုပါက ရွေ့ပြောင်းလုပ်သားတို့ဆန္ဒပြုထည့်ထားသည့် မဲအရေအတွက်တို့ကို ၎င်းတို့မဲအင်းအားဖြစ်ရေး ကြိုးပမ်းနေကြကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"ရွေ့ပြောင်းလုပ်သားတွေရှိသလောက်ကို မွန်ဒေသခံတွေဖြစ်အောင်လုပ်ပြီး မွန်ပြည်နယ်မှာ မဲပေးနိုင်ဖို့ လဝက ကနေ နိုင်ငံသားစိစစ်ရေးကဒ်တွေ ဖြည်းဖြည်းချင်း စလုပ်ပေးနေတာရှိတယ်၊ ရွှေ့ပြောင်းလုပ်သားတွေပေးတဲ့မဲဟာ USDP တွေအတွက် မဲအင်အား ဖြစ်စေရမယ်လို့ ရည်ရွယ်ထားတာရှိတယ်" ဟု ပြောသည်။
သို့သော် ရွေးကောက်ပွဲမည်သို့၊မည်ပုံ ကျင်းပမည်ကို ဝင်ရောက်ယှဉ်ပြိုင်မည့် မှတ်ပုံတင်ခွင့်ပြုချက်ရပြီးသား နိုင်ငံရေးပါတီတို့ထံ ရွေးကောက်ပွဲကော်မရှင်မှ တစ်စုံတစ်ရာ ပြောဆိုညွှန်ကြားခြင်းမရှိသေးပေ။
မွန်ပြည်နယ်တွင် ရွှေ့ပြောင်းလုပ်သားအရေအတွက် သိန်းနှင့်ချီတည်ရှိနေပြီး စစ်ကောင်စီအဖွဲ့မှ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် မဲအင်အားတစ်ရပ်ဖြစ်ရေး နိုင်ငံသားစိစစ်ရေးကဒ် ပြောင်းလဲလုပ်ဆောင်ပေးရန် ညွှန်ကြားမှု မသိမသာ လုပ်ဆောင်လျှက်ရှိသည်။
"မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲကို ရိုးရိုးသားသားလုပ်မယ်ဆို မွန်တွေမနိုင်စရာအကြောင်းမရှိဘူး၊ အခုက အဲလိုမှမဟုတ်တာ NLD ခေတ်တုန်းကလည်း သူတို့မဲနိုင်ဖို့အတွက်ပဲလုပ်တယ်၊ စစ်တပ်ခေတ်ဆိုလည်း ကြံ့ဖွံ့ပါတီ နိုင်ဖို့အရေးပဲသူတို့ကြိုးစားတယ်၊ ရွေ့ပြောင်းလုပ်သားတွေရဲ့ အင်အားကိုယူပြီး မဲအနိုင်ရဖို့လုပ်တာက ထုံးစံပါပဲ"ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီမှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။
မွန်ဒေသခံတို့ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေစဉ် ရွေ့ပြောင်းလုပ်သားတို့ ဒေသအများစု၊မြို့နယ်အများစုတို့တွင် ဝင်ရောက်နေရာယူလျှက်ရှိပြီး မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းလုပ်သားဦးရေ သိန်းနှင့်ချီရှိလာနေကြောင်း ခန့်မှန်းပြောဆိုနိုင်သည်။
ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေ့ပြောင်းလုပ်သားတို့ကို ယာယီနေထိုင်ခွင့်ကဒ် လုပ်ဆောင်ပေးနေသည့်အပေါ် တိုင်းရင်းသားပါတီတို့က ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်မှ မဲပေးခွင့်ပေးခွင့်ပြုခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ရေလုပ်ငန်း၊ ဥယျာဉ်ခြံနှင့် ရာဘာလုပ်ငန်းတို့အပါအဝင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းတို့အတွက် ရွေ့ပြောင်းနေထိုင်လာသည့် ဗမာရွှေ့ပြောင်းလုပ်သားတို့သည် အရေအတွက်အားဖြင့် ဌာနေတိုင်းရင်းသားရွှေ့ပြောင်းလုပ်သားတို့ထက် များနေကြောင်းသိရသည်။
ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် မွန်ဒေသခံတို့ မိမိဒေသတွင် မဲပေးနိုင်ရေးနှင့် ပတ်သတ်၍ မွန်နိုင်ငံရေးပါတီတို့တွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေကြောင်းလည်း မွန်နိုင်ငံရေးပါတီတို့ ပြောဆိုလျှက်ရှိသည်။