ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ရာဇဝတ်အကျဉ်းသားများမှ အုပ်စုဖွဲ့ရိုက်နှက်အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တို့မှ ထိရောက်စွာအရေးယူပေးခြင်းမရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အဖွဲ့တို့က ပြောသည်။
ဧပြီလ ၃၀ ရက်နေ့တွင် ရာဇဝတ်အကျဉ်းသား ၁၂ ဦးတို့ မှ ပုဆိုးဖြင့်ထည့်ပတ်ထားသည့် ကွန်ကရစ်တုံးဖြင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး၏ ဦးခေါင်းနှင့် နောက်စေ့ကို ရိုက်နှက်ခဲ့သည့်အပြင် အုပ်စုဖွဲ့ဝိုင်းဝန်း ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံရေးအကျဉ်းသား ၂ ဦးသည် ၊ ထောင်ဒဏ် ၁၂နှစ် ကျခံနေရသည့်ကိုကျော်ကျော်မြင့်နှင့် ထောင်ဒဏ် ၄ နှစ်ကျခံထားသည့် ကိုမင်းသူစိုးဖြစ်ကြောင်းသိရသည်။

အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ယင်းရာဇဝတ်သား ၁၂ ဦးကို အကျဉ်းထောင်တာဝန်ရှိသူတို့က ၅ ဦး ကိုသာ တိုက်ပိတ်အပြစ်ပေးခြင်းလုပ်ဆောင်ခဲ့ပြီး အခြားသောအရေးယူခြင်းမျိုးကိုယနေ့အထိ မလုပ်ဆောင်သေးကြောင်း (PPNM)မှ တာဝန်ရှိသူ မရောင်နီလင်းကပြောသည်။
“ထောင်ပိုင်လေးနိုင်ကျဉ်းတွေက တင်ပြတယ်၊ ထောင်ပိုင်ကြီးတင်ပြတယ် အဲ့ကနေညွှန်မှူးဆီ ရောက်သွားတယ်၊ ကရင်ပြည်နယ်ကညွှန်မှူးပေါ့ သူတို့စုံစမ်းစစ်ဆေးရေးတွေ လုပ်မယ်လို့လည်းပြောတယ်၊ ဒါမဲ့လက်ရှိမှာတော့ရိုက်နှက်ခဲ့တဲ့သူ ၁၂ ဦးကိုတော့ ၅ဦးပဲလို့ပြောပြီး တိုက်ပိတ်တာတွေ လုပ်တယ်၊ အခြားအရေးယူတာမျိုးတော့မကြားရဘူး”ဟု၎င်းကပြောသည်။
ထိုသို့အုပ်စုဖွဲ့၍ ရိုက်နှက်ခဲ့ခြင်းကြောင့် နိုင်ကျဉ်းသား ကိုကျော်ကျော်မြင့်မှ ဦးခေါင်းအက်ကွဲဒဏ်ရာ၊ ခန္ဓာကိုယ် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ တံတောင်ဆစ်လက်မောင်း ညိုမည်းဒဏ်ရာများရရှိခဲ့ပြီး၊ ဦးခေါင်အက်ကွဲဒဏ်ရာ ၃ ချက်ရရှိပြီး၊ အခြားနိုင်ကျဉ်းဖြစ်သူ ကိုမင်းသူစိုးတွင် ဦးခေါင်း အက်ကွဲဒဏ်ရာ ၇ ချက်၊ ဘယ်မျက်ခုံးကွဲဒဏ်ရာ၊ မျက်နှာတပြင်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ညိုမည်းဒဏ်ရာများ ရရှိခဲ့သည်။
မရောင်နီလင်းက “ပုံမှန်ဆိုရင်တော့ဒီလိုမျိုးရိုက်နှက်တာမျိုးကမရှိဘူး၊ အခုသူတို့က နိုင်ငံရေးအကျဉ်းသားတွေကို မျက်မုန်းကျိုးနေတာလည်းပါတယ်၊ အဆောင် ၁၊ အဆောင်၂၊ အဆောင် ၃၊ အဆောင် ၄ ရှိကြတယ်ပေါ့နော် အဲ့ဒီမှာဆိုရင်အခြားအဆောင်တွေမှာဆိုရင် နိုင်ကျဉ်းတွေကများတယ်၊ အဆောင် ၁ မှာကျတော့ နိုင်ကျဉ်းတွေနည်းတယ် အဲတာကိုအခွင့်ကောင်း ယူပြီးတော့ ဖြစ်သွားတယ်” ဟု ဆိုသည်။
အဆိုပါရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်နေရာတွင် အိပ်ဆောင်မှူးရုံးခန်းရှေ့ဖြစ်သော်လည်း အိပ်ဆောင်မှူး ဗိုလ်လေးအောင်ရဲနိုင်၊ တပ်ကြပ် ဝင်းမောင်၊ တပ်ကြပ်သိန်းသန်းဦး (ခ) ဗြောင်ကြီးတို့မှ ဝင်ရောက် ဟန့်တားခြင်းမပြုလုပ်ခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်ကို စစ်ကောင်စီကရင်ပြည်နယ် အကျဥ်းထောင်တာဝန်ရှိသူတို့က ဦးဆောင်ကာစုံစမ်းစစ်ဆေးလျက်ရှိပြီး၊ နစ်နာသူများမှလည်း တရားရုံးပြင်ပတွင် တရားစွဲဆိုသွားမည်ဖြစ်သောကြောင်းနှင့် တရားရုံးဖြစ်စဉ်များကိုလည်း တောင်ကလေးအကျဉ်းထောင်မှနိုင်ကျဉ်းများနှင့် အခြားအကျဉ်းသားများမှ ဆက်လက် စောင့်ကြည့်သွားဖြစ်ကြောင်း PPNM ကဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ အကျဉ်းထောင်အတွင်း ဆေးဝါ့စောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၉ ဦး သေဆုံးခဲ့ရကြောင်းလည်း PPNM မှ မေလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။