Homeသတင်းသထုံတွင် တစ်ရက်တည်း အမျိုးသား ၃ ဦး ပစ်သတ်ခံရ

သထုံတွင် တစ်ရက်တည်း အမျိုးသား ၃ ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မူးယစ်ဆေးဝါးကိစ္စနှင့်မကင်းသည့် လူငယ် အမျိုးသား ၃ ဦး တစ်ရက်တည်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးနေရသည်ဟု ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက် ည ၁၁ နာရီအချိန်ခန့်က အသက် ၃၀ ဝန်းကျင်ဟု ယူဆရသည့် ကိုစိုးပြည့်ထူးဆိုသူသည် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက်ရှိ နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး၊ အသက် ၂၀ ကျော်အရွယ်ရှိသည့် ကိုဝင်းကိုဦးနှင့် ကိုအာပေကော်ဆိုသူတို့လည်း သထုံမြို့ရှိ တောလမ်းတစ်နေရာတွင် ပစ်သတ်ခံရကာ သေဆုံးနေခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းကို မေလ ၆ ရက်နေ့ မနက် ၆ နာရီအချိန်တွင် ဒေသခံလမ်းသွားလမ်းလာတို့၏ သတင်းပေးချက်အရ လူမှုကူညီရေး ပရဟိတအဖွဲ့တို့က အခင်းဖြစ်ပွားရာနေရာ၌ အလောင်းသွားရောက်သယ်ယူခဲ့ကြောင်း သိရသည်။

“ဘာကြောင့် အသတ်ခံရတာလဲဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ အလောင်းသွားကောက်တော့မှ သူတို့ဆေးသမားတွေမှန်း သိတယ်။ ၃ ယောက်လုံးက သေနတ်ဒဏ်ရာ ၁၇ ချက်လောက်ရှိတယ်” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်သတ်ခံရသည့် ကိုစိုးပြည့်ထူးဆိုသူ၏ နေအိမ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားအပိုင်းအစများနှင့် ကျည်ခွံ ၁၀ ခုထက်မနည်းတွေ့ရှိခဲ့ရကြောင်းဆိုသည်။

အာပေကော်ဆိုသူတွင် ပါးစပ်ကျည်ဖောက်ဝင်ဒဏ်ရာ ဝင်ကိုဦးဆိုသူတွင် ပါးစပ်ကျဉ်ဖောက်ဝင်ဒဏ်ရာ၊ ညာဗက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် စိုးပြည့်ထူးဆိုသူတွင် ဘယ်ဗက်ဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုမေလ ၃ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးဖြစ်သူကို စိုးသန်း(ခ) သားကြီး ဆိုသူမှာလည်း လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း မွန်ပြည်နယ်တွင် ရဲသတင်းပေး၊ ပြည်သူ့စစ်တို့ အပါအဝင် အမျိုးသား ၇ ဦးထက်မနည်း ပစ်သတ်ခံရသည်ဟု လဂွန်းအိမ်စာစဉ်၏ အချက်အလက်များအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး လုပ်သတ်ဖြတ်မှုများကြောင့် ဒေသခံအများအပြားသေဆုံးခဲ့ရသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts