ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မေလ ၆ ရက်နေ့ ညပိုင်းနှင့် ယနေ့ မနက်ပိုင်းတို့တွင် ငလျင်ငယ် ၃ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ယမန်နေ့ မေလ ၆ ရက်နေ့ ညပိုင်း ၁၀ နာရီ နှင့် ၁၁ နာရီအကြားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့သည်ကို သိသိသာသာခံစားခဲ့ရပြီး မြို့ခံတို့ လမ်းမပေါ်တွင် ညနက်သည်အထိ နေထိုင်ခဲ့ကြရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
အင်အား ၂ ဒသမ ၂ ရှိသည့် ငလျင် စတင်လှုပ်ခတ်ပြီး မိနစ်ပိုင်းအခြားတွင် ဒုတိယအကြိမ်ထပ်မံလှုပ်ခတ်သွားသည်ဟု ရန်ကုန်မြို့နေဒေသခံတစ်ဦးက ပြောသည်။

“စစလှုပ်တဲ့ချိန်မှာက သိပ်မသိရဘူး။ နောက်တစ်ခါထပ်လှုပ်မှ ကမန်းကတန်းပြေးကြ ဆင်းကြပေါ့။ ဒါမဲ့ အချို့ဘက်မှာလည်း မသိကြဘူး” ဟု သူက ပြောသည်။
ရန်ကုန်မြို့ရှိ ကမာရွတ်၊လှိုင်၊ဒေါပုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားရသည်ဟု ဆိုသည်။
ဒါ့အပြင် မန္တလေးတိုင်းဒေကြီးတွင်လည်း ညသန်းခေါင်ကျော် ယနေ့မေ ၇ ရက်နေ့ မနက်ပိုင်းတွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၃ မိုင်အကွာ အင်အားရစ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိသည့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒမှ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်အပြင် နောက်ဆက်တွဲငလျင်များကြောင့် လူထုကြားစိုးရိမ်မှု မြင့်တက်လာခဲ့ပြီး ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် စစ်ကောင်စီကျန်းမာရေးဌာနအပြင် NUG လူသားချင်စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာမှ အသိပေးကြေညာလျှက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ယနေ့အထိ နောက်ဆက်တွဲ ငလျင်ငယ်များ စုစုပေါင်း ၁၆၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဖော်ပြထားသည်။