Homeသတင်းမွန်အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ (B.A) အဆင့်အထိ သင်ကြားရေးတိုးမြှင့်မည်

မွန်အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ (B.A) အဆင့်အထိ သင်ကြားရေးတိုးမြှင့်မည်

-

မွန်အမျိုးသားပညာရေးကော်မတီလက်အောက်ရှိ မွန်အမျိုးသားကောလိပ်မှ လာမည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် ဝိဇ္ဇာဘွဲ့(B.A) အဆင့်အထိ သင်ကြားရေးတိုးမြှင့်သွားမည်ဟု ကောလိပ်တာဝန်ရှိသူတို့မှ သိရသည်။

လက်ရှိ မွန်အမျိုးသာကောလိပ်တွင် ၃ နှစ်တာ သင်တန်းတက်ရောက်ပြီးမြောက်သည့် ကျောင်းသားကျောင်းသူတို့ကို Associate Degree နှင့် သူနာပြုဘာသာရပ် အထူးပြုသင်ကြားသည့် ဘာသာရပ်တစ်ခုကိုသာ ဝိဇ္ဇာဘွဲ့(B.A) အဖြစ် အသိမှတ်ပြု ပေးအပ်နေကြောင်း သိရသည်။

သို့သော် လာမည့်သြဂုတ်လအတွင်း မွန်အမျိုးသားကောလိပ်မှ သင်ကြားပို့ချနေသည့် ဘာသာရပ်များအနက် မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်၊ ပညာရေး(စီမံခန့်ခွဲမှုနှင့် ဆရာအတတ်သင်) ဘာသာရပ်များ သင်ယူလေ့လာသူတို့ကို ဝိဇ္ဇာဘွဲ့ (B.A) အဆင့်အထိ ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။

မွန်လူငယ်တို့ ပညာရေးအခွင့်အလမ်းနည်းလာခြင်း၊ အစိုးရပညာရေးစနစ်အပေါ် ယုံကြည်မှုလျော့နည်းလာခြင်းတို့ကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် Bachelor ဘွဲ့ရရှိရေး အရေးကြီးလာနေကြောင်း မွန်အမျိုးသားကောလိပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လောလောဆယ်မှာ ကျောင်းသားတွေ B.A ဆက်တက်ဖို့ အစိုးရဘက်ကျောင်းက Quality မရှိတော့ဘူး။ ကောလိပ်မှာ အခုဖွင့်တဲ့ B. A က အရည်အသွေးတွေ ရှိသင့်သလောက်ရှိတယ်။ သူတို့အတွက် ရှေ့ဆက်ပညာရေးနဲ့ အလုပ်အကိုင်လမ်းကြောင်းမှာ အခက်မဖြစ်စေဖို့ အခွင့်အရေးကောင်းရှိနေရင် ဆက်တက်သင့်တယ်။ ဒါက ရေရှည်အတွက် ပိုအဆင်ပြေမယ်” ဟု မွန်အမျိုးသားကောလိပ်၏ ပညာရေးဆိုင်ရာ စီမံခန့်ခွဲသူ Academic Coordinator က ပြောသည်။

တိုးမြှင့်ထားသည့် သင်ကြားရေးစနစ်၏ သင်တန်းကာလ၊ သင်ကြားရေးစနစ်၊ စတင်ဖွင့်လှစ်မည့် ရက်များ၊ ကျောင်းစရိတ်နှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို မွန်အမျိုးသားကောလိပ် ၎င်းတို့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် မကြာမီထုတ်ပြန်သွားရန်ရှိသည်ဟု သိရသည်။

မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်မှ ကျောင်းသားကျောင်းသူ ၁၀ ဦး၊ လူမှုရေးသိပ္ပံဘာသာရပ်မှ ၁၂ ဦးနှင့် ဆရာအတတ်သင် ဘာသာရပ်မှ ၂၂ ဦးတို့ တက်ရောက်ရန် စာရင်းပေးသွင်းထားပြီး ကျန်ရှိနေသော Batch 1 ၊Batch 2 ကျောင်းသားကျောင်းသူများလည်း ထပ်မံစာရင်းသွင်းနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

၎င်းအပြင် ဝိဇ္ဇာဘွဲ့အထိ ပညာသင်ကြားပြီးသည့် ကျောင်းသားကျောင်းသူများကိုလည်း မွန်အမျိုးသားကောလိပ်နှင့် MOU လက်မှတ်ထိုးခဲ့သော နိုင်ငံတကာတက္ကသိုလ်များတွင် မဟာဝိဇ္ဇာဘွဲ့အဆင့်ကို ပညာဆက်လက်သင်ယူနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

“B.A Program ဖွင့်ပေးတဲ့အတွက် ဒါက ကျမတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်။ ဥပမာအနေနဲ့ မွန်စာပေနဲ့ ယဉ်ကျေးမှု ဘာသာရပ်ကို အများကြီးလေ့လာချင်နေရင်တောင် လွယ်လွယ်နဲ့ ဘယ်နေရာမှာမှ လေ့လာမရဘူး။ အခု ဒီလိုဖွင့်ပေးတော့ သေသေချာချာလေ့လာခွင့်ရတယ် ပိုအဆင်ပြေတဲ့အတွက် ပျော်မိတယ်။ ပြီးတော့ ဒီကောလိပ်မှာက စာပဲသင်နေတာမဟုတ်ဘူး၊ လက်တွေ့တွေလည်း များများသင်ပေးမယ်ဆိုတဲ့အတွက် ဒါကကျွန်ုပ်တို့အတွက် အခွင့်အရေးကောင်းပဲ” ဟု မွန်အမျိုးသားကောလိပ် ကျောင်းသူတစ်ဦးက ပြောသည်။

မွန်အမျိုးသားကောလိပ်သည် ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ရှိ Chiang Rai Rajabhat University(CRRU)၊ဘန်ကောက်မြို့ရှိ မဟာချုလာလောင်ကွန်း တက္ကသိုလ်နှင့် အမေရိကာန်နိုင်ငံရှိ Indiana Tech Universityတို့နှင့် အဆင့်မြင့် ပညာရေးပူပေါင်းမှု နားလည်းမှုစာချွန်လွှာ MOU လက်မှတ် ၄ ခုအထိ ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ညီသာစခန်းတွင် ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကောလိပ်သည် မွန်အမျိုးသားပညာရေး ကော်မတီ (MNEC) အောက်တွင်ရှိပြီး တွဲဖက်ဒီဂရီ အစီအစဉ်တွင် အဓိက ဘာသာရပ် ၇ ခုဖြင့် သင်ကြားပို့ချ ပေးသည်။

၎င်းတို့မှာ လူမှုရေးသိပ္ပံဘာသာရပ်၊ ပညာရေးဆိုင်ရာ (စီမံခန့်ခွဲမှုနှင့်ဆရာအတတ်သင်) ဘာသာရပ်၊ ခေါင်းဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်၊ မီဒီယာနှင့် သတင်းဘာသာရပ်၊ သူနာပြုဘာသာရပ် နှင့် Information and Technology (IT) ဘာသာရပ်တို့ပါဝင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts