ရေးသူ – လဝီဝမ်၊ အတွေးအမြင်
ဆယ်စုနှစ်တခုလောက် ကြာမှ ရွာကို ပြန်လာမိတဲ့ ကျနော် ပထမဆုံး သတိထားမိတာက ရွာက လမ်းကလေးတွေကိုပါ။ ရွာလမ်းတွေဖြစ်လို့ လမ်းကလေးတွေလို့ တင်စားခေါ်ဝေါ်ပေမယ့် ကျနော်တို့ငယ်ငယ်က ရှိခဲ့တဲ့လမ်းတွေက အကျယ်ကြီးတွေပါ။ နွားလှည်းနှစ်စီး တပြိုင်တည်းတောင် မပွတ်မတိုက်နဲ့ မောင်းလို့ရအောင် ကျယ်ပါတယ်။ အခုတော့ ကျနော်တို့ ငယ်ငယ်က ရှိခဲ့တဲ့ရွာလမ်းက ထက်ဝက်လောက်ကို ကျဥ်းသွားလိုက်တာ နွားလှည်းတစီးစာပဲ မောင်းလို့ ရပါတော့တယ်။ လမ်းမှာများ ဆိုင်ကယ်တစီးက မောင်းလို့ နွားလှည်းနဲ့ တည့်တည့်တိုးကြရင် ရှောင်မရ တိမ်းမရနဲ့ ဖြစ်ကြ ရပါတယ်။ ဆိုင်ကယ်က သူများ ခြံထဲကို ခဏဝင်ပြီး လမ်းဖယ်ပေးလိုက်မှပဲ နွားလှည်းက ဆက်မောင်းလို့ ရပါတယ်။ လမ်းအနေအထားကို ကြည့်ရင်း ကျနော်တို့ ငယ်ဘဝကို ပြန်တွေးမိပါတယ်။

ကျနော်တို့ ငယ်ငယ်က ကျောင်းဆင်းချိန်ဆို ဒီလမ်းတွေပေါ်မှာ ကျောင်းကပြန်လာတဲ့ ကလေးတွေ အပြည့်ပါ။ လမ်းမှာ ဆော့ကစားပြီး ပြေးလွှားခုန်ပေါက်ပြီး အိမ်ကို ပြန်ကြသလို ၊အိမ်မပြန်ခင်လေး အချိန်ဆွဲပြီး လမ်းမှာ သူငယ်ချင်းတွေနဲ့ ဆော့ခဲ့ကြတဲ့ လမ်းတွေ ဖြစ်ပါတယ်။ လမ်းက ကျယ်တော့ လွတ်လွတ်လပ်လပ် ပြေးလို့ ခုန်လို့ ဆော့လို့ ကောင်းခဲ့ ပါတယ်။ အခုတော့ လမ်းလျောက်နေရင်း ရှေ့မှာ မောင်းဝင်လာတဲ့ ကား၊ ဆိုင်ကယ်နဲ့ တိုးမလား၊ ဘေးဘီကို ရှောင်ပေးရတော့မလားဆိုပြီး သတိနဲ့ လျောက်ရပါတယ်။ ငယ်ငယ်က ကျနော်တို့ လွတ်လပ်ပျော်ပါးစွာ လျောက်ခဲ့တဲ့လမ်းက အခုတော့ စိတ်မလုံမခြုံနဲ့ သွားလာနေရတဲ့ လမ်းဖြစ်နေပါပြီ။
ဒီလမ်းလေးတွေ ပြောင်းလဲသွားတာကို ကြည့်ရင်း ထပ်ဆင့် အတွေးပွားမိတာက အခုခေတ်လူတွေက အရင်ခေတ်က လူတွေထက် ပိုပြီး လောဘကြီးလာတဲ့ အခြေအနေကိုပါ။ အနေဆင်းရဲလို့များ ရနိုင်တဲ့အပေါ် လောဘကြီးရတာလား ဆိုရင်လည်း မဟုတ်ပါဘူး။ ရွာထဲမှာ သူတို့အိမ်တွေက ပျဥ်းကတိုးသစ်တွေနဲ့ ခိုင်ခိုင်မာမာကို ဆောက်ထားတဲ့ အိမ်တွေပါ။ အိမ်အရောင်ကလည်း နီရဲတောက်ပပြီး ကျပ်ငွေသိန်းရာချီအကုန်အကျခံပြီး တည်ဆောက်ထားရတဲ့ အိမ်မျိုးတွေပါ။ အဲ့ဒီ့အိမ်တွေက သားသမီးတွေ လူငယ်လူရွယ်တွေကလည်း နိုင်ငံရပ်ခြားအသီးသီးမှာ အလုပ်သွားလုပ်နေ ကြတာဆိုတော့ အိမ်ကိုလည်း ပြန်ထောက်ကြတာကြောင့် ပိုက်ဆံလည်း ရှိပါတယ်။ အိမ်အပြင် ရာဘာခြံလုပ်ငန်းတွေနဲ့ လယ်ယာတွေတောင်ပိုင်ကြတဲ့သူဌေးတွေပါ။
ဥစ္စာဓနပြည့်ဝမှု၊ ကြွယ်ဝမှုကြောင့် လူတွေကတော့ သူဌေးတွေလို့ ဆိုနိုင်ပေမယ့် သူတို့ရဲ့ စိတ်သဘောထားတွေကတော့ မပြည့်ဝကြပါဘူး။ ပြည်သူပိုင်လမ်းမြေဧရိယာတွေကို ကိုယ့်ခြံထဲ အတင်းထိုးထည့်ပြီး ရတဲ့မြေကို အပိုင်သိမ်းယူ နေကြသူတွေပါ။ တကယ်စိတ်မကောင်းစရာပါ။ ဒီလို လမ်းမြေဧရိယာတွေကို ကိုယ်ပိုင်အဖြစ် အတင်းခြံခတ် ရှေ့တိုးယူထားတာတွေကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်ထဲက ရွာတွေမှာ ဆိုင်ကယ်နဲ့ ပတ်မောင်းကြည့်ဖူးရင် မြင်တွေ့ရမှာပါ။ အရင်ခေတ်ကတော့ ကိုယ့်ရပ်ရွာတွင်း လမ်းခင်းမယ်ဆိုရင် မျက်မှောက်ခေတ် အများကျိုးအတွက် နောင်သံသရာ ကိုယ်ပြန်အကျိုးစံစားနိုင်ဖို့ ငွေကြေးချမ်းသာကြွယ်ဝသူတွေက ပိုထည့်ဝင်လှူဒါန်းကြလေ့ ရှိခဲ့ကြပါတယ်။ အခုတော့ ဆန့်ကျင်ဘက်ပါပဲ။ ဘာသာရေးရှုထောင့်နဲ့ ပြန်ကြည့်ရင်တော့ ဒီလူတွေက ဘုရားကျောင်းကန် ဘုန်းကြီးကျောင်းနဲ့ မပြတ် ဝင်ထွက်သွားလာပြီး တရားနာနေကြသူတွေပါ။ သူတို့ကိုယ်တိုင်လည်း ဘာသာရေးကို မြတ်နိုးတန်ဖိုးထားသူလို့ ပုံဖော်လေ့ရှိကြပါတယ်။ တရားစကားနဲ့ ပြောရရင်လည်း ရုပ်၊ နာမ်တရားတွေကို အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီလို လူကြီးလူကောင်းအဖြစ် အသိုင်းအဝိုင်းမှာ နေထိုင်နေပေမယ့် အများပြည်သူပိုင်လမ်းကိုကျတော့ ဘာလို့များ ကျူးကျော်ခိုးယူရတာလဲ ဆိုတာ မေးစရာပါပဲ။
ကျနော်တို့ မွန်လူမျိုးမှာ ရုပ်ပိုင်းဆိုင်ရာအရတော့ လူတော်တော်များများက အိမ်၊ ခြံ၊ မြေတွေ ပိုင်ကြပါတယ်။ မွန်လူငယ် ၈၀ ရာခိုင်နှုန်းလောက်က နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကြတာကြောင့် ပိုင်ဆိုင်မှုတွေကို ကိုယ့်ရပ်ရွာမှာ စုဆောင်း နိုင်ကြတာပါ။ ဒါပေမယ့် တဖက်မှာတော့ သူတို့က ပညာရေးပိုင်းမှာ အားနည်းကြပါတယ်။ ဒါ့ကြောင့် ရွှေငွေ ရှိသော်ငြားလည်း ပညာတတ်တွေ တွေးဆကျင့်ကြံနေသလို မနေတတ်ကြပါဘူး။ တချို့ကတော့ ပညာတတ်သော်ငြားလည်း အများနည်းတူ အများပိုင်မြေကို လောဘနဲ့ ကျူးကျော်ခိုးယူတာမျိုးလည်း ရှိပါတယ်။ ဒီတော့ ဒီအများပိုင်မြေ ခိုးယူခံနေရတဲ့ ကိစ္စမှာ ပညာတခုတည်းနဲ့လည်း ဆုံးဖြတ်လို့ မရဘူးလို့ မြင်ပါတယ်။ အသိတရားရှိဖို့ အဓိက လိုနေတာ ဖြစ်နိုင်ပါတယ်။ အသိတရားရှိတဲ့ လူကောင်းဆိုရင် အများပိုင်လမ်းက ကိုယ့် ဒေသက သူတွေ လမ်းသွားလမ်းလာတွေ အားလုံးအများပြည်သူ လွတ်လွတ်လပ်လပ်သွားလာ နိုင်အောင် ဒီမြေကို ကိုယ့်ခြံထဲ ထည့်မခတ်သင့်ဘူးဆိုတာကို နားလည်သဘောပေါက်ပါလိမ့်မယ်။ လူ့သဘောသဘာဝအရတော့ လူတိုင်းက ကိုယ့်ပိုင်ဆိုင်မှုကို ဆတိုး ပွားများအောင် ကြံဆချင်ကြပါတယ်။ သို့ပေမယ့် ဒီမြေက ကိုယ့်အားစိုက်ထုတ်မှု စီးပွားနဲ့ ဝယ်ထားတဲ့ မြေမဟုတ်တာကို သတိပြုဖို့ လိုပါတယ်။ အများပိုင်မြေကို ခြံခတ်တာက အများပြည်သူပိုင်ပစ္စည်းကို ခိုးယူတာနဲ့ အတူတူပါပဲ။ သူတို့ဟာ ပြည်သူပိုင်လမ်းမြေစောရတွေ ဖြစ်ပါတယ်။ ဒီမြေကို ခိုးယူလိုက်လို့ မိမိဘဝလည်း ချမ်းသာ မလာနိုင်ပါဘူး။ ကျနော်တို့ သေချာတွေးဆကြည့်ဖို့ လိုပါတယ်။
အများပိုင်မြေ လမ်းကျဥ်းလာတဲ့ နောက်ဆက်တွဲက ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေအပေါ် ဆိုးကျိုးသက်ရောက်မှု အတော်ရှိပါတယ်။ လမ်းကျဥ်းတာကြောင့် ဆိုင်ကယ် မတော်တဆမှုတွေ ဖြစ်တာ ရှိသလို အများစုဆိုရင်လည်း လမ်းကျဥ်းလို့ ရှောင်ရတိမ်းရနဲ့ လိုရာခရီး ပေါက်အောင် အချိန်တွေ ပိုသုံးကြရ စိတ်ရှုပ်ကြရပါတယ်။ ဒီ့ထက်ဆိုးတာကတော့ နာရေးကိစ္စမျိုးတွေမှာ ကြုံရတဲ့ အခက်အခဲပါ။ တဦးတယောက်ဆုံးပါးလို့ အသုဘထွက်တဲ့အခါ အသုဘကို လိုက်ပို့ဆောင်ကြတဲ့ ရပ်ရွာထဲကသူတွေ လူကုန် ဒီလမ်းထဲက တစုတစည်းတည်း ထွက်နိုင်အောင် အချိန်အတော်ယူကြရပါတယ်။ ဒီလို အခြေအနေ အရပ်ရပ်တွေ နေ့စဥ်လူမှုဘဝ မပြေလည်မှုတွေရှိနေပေမယ့် ရွာတွေမှာ ဖြစ်နေတဲ့ ကိစ္စဖြစ်လို့ မြို့ပေါ်တတ် စည်ပင်ကို တိုင်ကြားဖို့ကလည်း သိပ်ကို ခက်ပါတယ်။ ကျနော်တို့မှာ ငယ်စဥ်က သိခဲ့တဲ့ မျက်မြင်သက်သေတွေသာ ရှိပါတယ်။ မြေစာရင်းရဲ့ လမ်းမြေအတိုင်းအတာ ၊ ပြည်သူပိုင်လမ်း ဧရိယာစတဲ့ အချက်အလက်တွေက အစိုးရရုံးတွေရဲ့ မှတ်တမ်းတွေမှာပဲ ရှိပါတယ်။ နိုင်ငံရေး – စစ်ရေးရဲ့ အပူမီးဟပ်လို့ ရှုပ်ထွေးရုန်းကန်နေရတဲ့ နေ့စဥ်လူမှုဘဝမှာ ဘယ်သူကမှလည်း အချိန်တွေ အများကြီးပေး၊ ဒီသူဌေးတွေ ဝိတ်နဲ့ ဖိပြောမယ့်ဒဏ်ကို ခံပြီး တိုင်ကြားတာမျိုး လည်း မလုပ်နိုင်ကြပါဘူး။ ကျနော်တို့ လူမှုအသိုင်းအဝိုင်းမှာ လက်ရှိလိုနေတာ မလုပ်သင့် တာကို မလုပ်ရဘူးဆိုပြီး စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ အသိတရားဖြစ်ပါတယ်။
ကျနော်ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတဲ့ ဖြစ်စဥ်တခုကို မှတ်မိနေပါသေးတယ်။ ပြည်သူပိုင်မြေ တွေကို ကျေးရွာလူကြီးတွေက အလွဲသုံးရောင်းချလို့ ဝယ်မိတဲ့ဖြစ်စဥ်ပါ။ ကျနော်တို့အိမ်က ရွာက အများပိုင်ဘောလုံးကွင်းနံဘေးမှာ တည်ရှိပါတယ်။ တနေ့တော့ ကျေးရွာလူကြီးက ဘောလုံးကွင်းကို မြေကွက်ရိုက်ပြီး ရောင်းစားဖို့ လုပ်ခဲ့တာပါ။ ရွာလူကြီး တာဝန်ခံက ကျနော့်အဖေကို “နင်ဝယ်မလား”ဆိုပြီး အရောင်းအဝယ်လာလုပ်ပါတယ်။ အဖေကတော့ အိမ်ရှေ့ဘေးခြံပဲဆိုတော့ ရောင်းရင်တော့ ဝယ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အဲ့ဒီ့တုန်းက ကျပ်ငွေ ၆,၀၀၀ ပေးပြီး အဖေက မြေကို ဝယ်ပါတယ်။ အဖေ ဝယ်လိုက်တဲ့ မြေက ဘောလုံးကွင်းတခြမ်းစာ ဖြစ်ပါတယ်။ ကျနော်တို့လည်း အိမ်ခြံဝန်း ချဲ့တဲ့အနေနဲ့ ဝယ်လိုက်တဲ့မြေကို ခြံခတ်လိုက်ကြပါတယ်။ ကျနော်တို့ ဘေးအိမ်ကလည်း ကျန်ဘောလုံးကွင်း တဝက်ကို ဝယ်ပါတယ်။ ဒီတော့ မိသားစုနှစ်ခုက ဘောလုံးကွင်းကို တယောက်တခြမ်းစီ ဝယ်လိုက်ကြတဲ့ သဘောပါ။
အဖေကတော့ သူဝယ်လိုက်တဲ့ ဘောလုံးကွင်းမြေကို ဟင်းသီးဟင်းရွက်တွေ စိုက်ပါတယ်။ ရွာက လူတွေတော်တော်များများကတော့ အများပိုင်မြေဘောလုံးကွင်းကို ရောင်းတဲ့ ကိစ္စကြောင့် ရွာလူကြီးကို မကျေမချမ်းကြပါဘူး။ သို့ပေမယ့် ရွာရဲ့ လူကြီးဆိုတော့ ဘယ်သူကမှတော့ ထိပ်တိုက်မပြောဝံ့သလို ပြဿနာလည်း မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ မိဘများကလည်း အဲ့ခေတ်အခါက မသိနားမလည်တာကြောင့် မြေကို ဝယ်ခဲ့ကြတာပါ။ ဒါကို ရွာခံတွေကပဲ ကျနော်တို့ မိဘတွေကို အပြစ်တင်ပြောဆိုကြတာ ရှိခဲ့ပါတယ်။ ကျနော်တို့ စိတ်မှာ တွေးခဲ့တာကတော့ ကျနော်တို့ မဝယ်ရင် အခြားရွာခံတွေက ဒီမြေကို ဝယ်ကြမှာပဲ။ ကိုယ့်အိမ်ဘေးဆိုတော့ ခြံကိုလည်း တိုးချဲ့လို့ ရလို့ ကိုယ်ကပဲ ဝယ်တာ အကောင်းဆုံးဆိုပြီး အဖေက ဆုံးဖြတ်ဝယ်ယူခဲ့တာလို့ပဲ နားလည်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ မသိခဲ့ မမြင်ခဲ့တာက ဘောလုံးကွင်းမြေပျောက်သွားတဲ့ နောက်မှာ ကလေးတွေ ကစားစရာမြေ၊ လူငယ်တွေအတွက် အားကစားလုပ်စရာ မြေ ပျောက်သွားသလို လူကြီးတွေလည်း လမ်းလျောက် အပန်းဖြေစရာ နေရာတခု ရွာထဲကနေ ပျောက်ဆုံးသွားတဲ့ အဖြစ်ပါ။
ဒီလိုနဲ့ နောင် ငါးနှစ်လောက်နေတော့ မွန်ဘုန်းကြီးတပါးက အဖေ့ကို ပိုက်ဆံ ၆,၀၀၀ ကျပ် ပြန်ပေးပြီး အဲ့မြေကို ဘောလုံးကွင်း ပြန်လုပ်ပေးပါတယ်။ အဖေလည်း မြေဝယ်မိတဲ့ နောက်ဆက်တွဲအခြေအနေတွေကို ငါးနှစ်အတွင်း မြင်မိတာကြောင့် ဘာမှ အငြင်းအခုန်မလုပ်ပဲ ဆရာတော်ပေးတဲ့ သူ့မူရင်းစိုက်ထုတ်ငွေ အစားပြန်ရရုံနဲ့ မြေကို ချက်ခြင်း ပြန်ပေးခဲ့ပါတယ်။ ရွာထဲက ကလေးတွေ အရင်လို ဘောလုံးပြန်ကစားခွင့် ရသွားကြတာပေါ့ခဗျာ။ ရွာတရွာမှာ ကလေးတွေ လူငယ်တွေအတွက် ဘောလုံးကစားစရာ မြေနေရာတခုရှိဖို့ လိုသလို အခြားလူကြီးပိုင်းတွေ အပန်းဖြေလမ်းလျောက်နိုင်ဖို့လည်း ဘုံပိုင်မြေတခုလိုပါတယ်။ ဒါကို ပြန်အကောင်အထည်ဖော်ဖို့ အတွေးအမြင်ရှိခဲ့ပြီး ပိုက်ဆံစိုက်ထုတ်ပေးခဲ့တဲ့ ဘုန်းကြီးကိုလည်း ပြန်တွေးမိရင် ကျနော်ကျေးဇူးတင်မိပါတယ်။ ကျနော်တို့ မွန် အသိုင်းအဝိုင်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ရင် လူတွေက တိုးတတ်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာတွေကတော့ တိုးတတ် မလာကြပါဘူး။ ပိုတောင်နိမ့်ကျလာတယ်လို့ သတိထားမိပါတယ်။
လမ်းဘေးမှာ သစ်ပင်ကြီးတွေရှိရင် တခုမကျန် အကုန်ခုတ်ကြပါတယ်။ ကျနော်တို့ ငယ်ငယ်ကတော့ ရပ်ရွာမှာ သစ်ပင်ကြီးတွေရှိရင် ကိုယ့်ရပ်ရွာထဲကသူတွေ အရိပ်ခိုလို့ ရအောင် ပတ်ဝန်းကျင်စိမ်းစိုအောင် နှစ်ရှည်ပင်တွေကို ဂုဏ်ယူမဆုံး ပြောကြရင်း ဝိုင်းစောင့်ရှောက်ကြသလို လမ်းသွားလမ်းလာတွေ တထောက်နား အမောဖြေလို့ ရအောင်လည်း ရေအိုးတွေ တည်လေ့ရှိကြပါတယ်။ အခုကတော့ သစ်ပင်ကြီးတွေမြင်ရင် ငွေရဖို့ ခုတ်ကြတော့တာပါပဲ။ လမ်းမြေကိစ္စလိုပဲ လူတွေက ကိုယ့်လောဘ၊ အတ္တကိုပဲ ရှေ့တန်းတင်နေကြတာပါ။ မည်သို့ပင်ဆိုစေ ကျနော်တို့ ရွာက လမ်းမြေစောရတွေကိစ္စကတော့ ဖြေရှင်းဖို့ သူရဲကောင်း လိုနေပါပြီ။ ဘယ်ရွာသားကမှ အမုန်းမခံချင်ကြပါဘူး။ အထူးသဖြင့် မွန်အသိုင်းအဝိုင်းမှာ သံဃာတော်တွေက လူအများကြား လေးစားခံရတာကြောင့် လမ်းမြေကိစ္စကိုတော့ ဘုန်းကြီးကိစ္စမဟုတ်လည်း ကိုယ့်လူထုအတွက် ဝိုင်းကူပြောပေးကြဖို့ လိုမယ် ထင်ပါတယ်။ စစ်ဖြစ် ရွာမီးလောင်လို့ ပြေးရလွှားရ စစ်ရှောင်အရေးမှာ ဘုန်းကြီးတွေက ဝိုင်းဝန်းဦးစီး ကူညီပေးသလို ဒီလမ်းမြေကိစ္စမှာလည်း သံဃာတော်တွေ ပါဝင် နားချပြီး ဖြေရှင်းပေးရင် ကျနော်တို့ မွန်လူ့အသိုင်းအဝိုင်းမှာ ပြဿနာတွေ အကြီးအကျယ်၊ အမုန်းပွားစရာ မဖြစ်ပဲ ပြေလည်နိုင်ကောင်းပါတယ်လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။