စစ်ခေါင်းဆောင်အဖွဲ့မှ ယခုနှစ် ၂၀၂၅ မကုန်မီတွင် ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမည်ဟု အကြိမ်ကြိမ်ပြောဆိုနေသော်လည်း ၎င်းတို့ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် မှတ်ပုံတင်ခွင့်ပြုချက်ရပြီးသား နိုင်ငံရေးပါတီတို့ထံ ရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်လုပ်ဆောင်ရမည့် အချက်တို့ကို တစ်စုံတစ်ရာ ပြောဆိုညွှန်ကြားခြင်းမရှိကြောင်း မွန်နိုင်ငံရေးပါတီ အသိုင်းအဝိုင်းမှ သိရသည်။
ပါတီမှတ်ပုံတင်ခွင့်မလျှောက်ထားရသေးသည့် နိုင်ငံရေးပါတီတို့ကိုသာ လာမည့် မေလ ၉ ရက်နေ့ နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်လျှောက်ထားရန် တိုက်တွန်းပြောဆိုနေကြောင်းနှင့် ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့် မည်သို့၊ မည်ပုံ ကျင်းပသွားမည့်အကြောင်းကို ရှင်းလင်းပြောဆိုထားခြင်းမရှိကြောင်း မွန်တိုးတက်ရေးပါတီမှ ပ-ခေါင်းဆောင် နိုင်မျိုးတင့်လွင်က ဆိုသည်။

"ခုထိလည်း ဘာမှကိုမပြောတာ ကျနော်တို့လည်းတွေ့တိုင်းကို မေးနေတာ FPTP(မဲများသူအနိုင်ရသည့်စနစ်)က ဘယ်လိုသွားမှလည်း PR စနစ်နဲ့ဆိုရင် ဘယ်လိုသွားမှာလဲပေါ့၊ ဥပမာ အခုဆိုရင် ရခိုင်လူမျိုးတွေက ရန်ကုန်တိုင်းဒေသကြီးဘက်ပဲရှိနေကြတော့ ရခိုင်နိုင်ငံရေးပါတီတွေက ရန်ကုန်မှာပဲ ရုံးဖွင့်လို့ မရဘူးလားပေါ့၊ အဲ့အကြောင်းတွေလည်း ကျနော်တို့မေးတယ်၊ မွန်နဲ့ကရင်မှာလည်း အဲ့အတိုင်းပဲလေ ဒါတွေလည်း သူတို့ဘာမှ ပြန်မဖြေပေးနိုင်ဘူး" ဟု ဆိုသည်။
လာမည့်သြဂုတ်လအတွင်း စစ်ကောင်စီ သက်တမ်းတိုး ၆ လပြည့်မြောက်ပြီးဖြစ်ခြင်းကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်သည့်အပြင် ဦးသိန်းစိန်မှ ကြားဖြတ်အစိုးရ ဖြစ်လာနိုင်ကြောင်းနှင့် ညွှန်ကြားမှု ပြုလုပ်လာကြောင်းလည်း ဆက်ပြောသည်။
မွန်ညီညွတ်ရေးပါတီ(MUP) ကိုယ်စားပြု၍ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မွန်တိုးတက်ရေးပါတီအနေဖြင့် ကရင်ပြည်နယ်မှ မွန်ဒေသခံအများစု လွတ်မြောက်ရာဒေသတို့ စစ်ဘေးရှောင်နေရသည့်အပြင် လုံခြုံရေးအခြေအနေစိုးရိမ်နေရသဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းမလုပ်ဆောင်နိုင်ကြောင်း သိရသည်။
သိုသော် စစ်ခေါင်းဆောင်မှ ယခုနှစ်အတွင်း မရရသည့်နည်းဖြင့် ရွေးကောက်ပွဲ ကျင်းပသွားနိုင်မည်ဖြစ်သည်ဟု နိုင်မျိုးတင့်လွင်ဆက်ပြောသည်။
"လုပ်လို့ရတဲ့နည်းက အများကြီးရှိတယ်ပေါ့လေ၊ ဘားအံတစ်ခုကိုပဲရွေးပြီးတော့ ကရင်ပြည်နယ်တစ်ပြည်နယ် ကိုယ်စားပြုလိုက်တာမျိုး၊ မဲပုံးထဲမှာ မဲထည့်တဲ့သူတွေကို ခွဲဝေရေတွက်ပြီး အချိုးကျလုပ်လိုက်တာမျိုးလား၊ နောက်တစ်ခုက ကြားဖြတ်အစိုးရ ထားနိုင်တဲ့နေရာမှာ အရင်လုပ်ပြီး ကျန်တဲ့နေရာတွေကို နောက်မှ ဆက်လုပ်သွားနိုင်မလားပေါ့၊ ဒေသအတွင်းရှိတဲ့ တိုင်းရင်းသားလူမျိုးအလိုက်ကို ရေတွက်ပြီး ပေးတာမျိုးလည်း ဖြစ်နိုင်တယ် ဒါကတော့ကရင်ပြည်နယ်အခြေအနေကို သုံးသပ်ကြည့်တာပေါ့နော်"ဟု ဆိုသည်။
ထို့အပြင် ငလျင်ဒဏ်မသင့်မှီကာလတို့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ရွေးကောက်ပွဲကျင်းပမည့်အကြောင်းကို မကြာခဏ ပြောဆိုနေပြီး ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတို့ ကြိုတင်ပြင်ဆင်ကြရန်လည်း တိုက်တွန်းထားသည်။
သို့သော် နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် ပိုမိုကျယ်ပြန့်လာသည့်အပေါ် နိုင်ငံရေးပါတီတို့ ပျောက်ကွယ်သွားမည်ကို နိုင်ငံရေးပါတီတို့ကြား စိုးရိမ်ဖွယ်ရာဖြစ်လာသည်။
စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ရှိအချိန်အထိ တရားဝင်ခွင့်ပြုချက်ပေးထားသည့် နိုင်ငံရေးပါတီ ၅၂ ပါတီရှိပြီး ခွင့်ပြုချက်မရရှိသေးဘဲ မှတ်ပုံတင်ခွင့် လျှောက်ထားဆဲဖြစ်သည့် နိုင်ငံရေးပါတီ ၂၀ ကျော်ရှိကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အချက်အလက်အရ သိရသည်။


