Homeသတင်းမြိတ်-ထားဝယ်ကို ရေလမ်းဖြင့် သွားလာနေရသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်

မြိတ်-ထားဝယ်ကို ရေလမ်းဖြင့် သွားလာနေရသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်

-

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ရေလမ်းဖြင့် သွားလာနေရသည့်အတွက် အခက်အခဲကြုံတွေ့နေကြရသည်။

မြိတ်-ထားဝယ်လမ်းပိုင်းပေါ်ရှိ သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကစပြီး ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ မြိတ်-ထားဝယ်ကို ရေလမ်းကြောင်းဖြင့် ခရီးသွားလာရာနေကြရသည်။

ရေလမ်းဖြင့် သွားလာရာတွင် ငွေကြေးကုန်ကျမှုများသည့်အပြင် အချိန်နှောင်နှေးသလို ရာသီဥတုကြောင့် အန္တရာယ်ကျရောက်မည်ကိုလည်း စိုရိမ်းနေကြရသည်ဟု မြိတ်ဒေသခံတို့က ပြောသည်။

“အခုလို ရာသီဥတုမျိုး အနေအထားမှာတော့ ရေလမ်းခရီးနဲ့ သွားလာရတာ အန္တရာယ်များပါတယ်။ အခုလို ကားလမ်းတွေ ယာယီပိတ်ထားတဲ့ အနေအထားမှာ အရေးပေါ်လူနာတွေရော Speet Boat နဲ့ပဲ တစ်ဆင့်ပြီး တစ်ဆင့် ပို့ဆောင်နေရတာပေါ့။ ပင်လယ်ပြင်ခရီးသွားဖြစ်တဲ့အတွက် ကားလမ်းလို အချိန်အတိအကျ တွက်လို့ မရပါဘူး။ သွားချိန်၊ ရောက်ချိန်က တစ်နေ့နဲ့ တစ်နေ့ မတူနိုင်ပါဘူး။ ရေတက်၊ ရေကျစောင့်ရတယ်။ အခက်အခဲအများကြီး ဖြစ်ကြပါတယ်။ သွားတဲ့လူတိုင်းက စွန့်စာပြီး သွားလာနေကြတာပါ။ ဒီလိုကာလမျိုးမှာ အရေးတကြီး မဖြစ်ဘဲနဲ့ မသွားလာစေချင်ဘူး” ဟု မြိတ်ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်-ထားဝယ်လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာလျှင် တာဝန်ယူမည် မဟုတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

“တိုက်ပွဲကတော့ သရက်ချောင်းမြို့နယ် အမှတ် ၈ လမ်းမ တစ်လျှောက်မှာ ဖြစ်ပွားနေဆဲပါ။ အဲကြောင့် အဲလမ်းပိုင်းကို ကန့်သတ်ပိတ်ပင်ရတာ ဖြစ်ပါတယ်။ လမ်းပြန်ဖွင့်တဲ့နေ့ကျရင် ပြန်လည်အသိပေး ထုတ်ပြန်ပေးသွားမှာပါ” ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

မြိတ်မြို့ရှိ Speed Boat ခရီးသွားလုပ်ငန်းမှ ထုတ်ပြန်ထားချက်အရ မြိတ်မှ ထားဝယ်သို့ Speed Boat ဖြင့် ခရီးသွားလာရာတွင် ၁၀ နှစ်အထက်ဆိုလျှင် တစ်ဦး နှစ်သိန်းငါးသောင်းကျပ်၊ ၁၀ နှစ်မှ ၄ နှစ်အထိ ကလေးတစ်ဦးလျှင် တစ်သိန်းကျပ်၊ ၄ နှစ်အောက် ကလေးများကို အခမဲ့ဖြင့် နေ့စဉ် ခရီးသည်များ ပို့ဆောင်ပေးနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts