မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေ ရေးချောင်းဖျားဒေသတွင် လက်ရှိရာသီဥတုအကူးအပြောင်းကာလအတွင်း ငှက်ဖျားရောဂါ အဖြစ်များနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ရေးချောင်းဖျားဒေသအတွင်းနေထိုင်ကြသည့် အသက် ၁၀နှစ်အောက်ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်နှင့် လူလတ်ပိုင်းအရွယ်တို့အပြင် အဆိုပါဒေသရှိ မွန်ပြည်သစ်ပါတီ ဌာနအသီးသီးမှ ဝန်းထမ်းနှင့် ကျောင်းသားကျောင်းသူတို့အချင်းချင်းကြား ယခု ဧပြီလ နောက်ဆုံးအပတ်တွင် ငှက်ဖျားရောဂါကူးစက်ခံရမှု ဆက်တိုက်ရှိလာသည်။
နေထိုင်မှုပုံစံနှင့် ရာသီဥတုကြောင့် မိုးဦးကာလအစောပိုင်းတွင်ပင် ရောဂါကူးစက်ခံရမှုများနေပြီး ပုံမှန်ထက်ကိုယ်အပူအချိန်မြင့်၍ ချမ်းတုန်သည့် ရောဂါလက္ခဏာတို့ဖြင့် ပိုမိုတွေ့ရှိရကြောင့် မွန်အမျိုးသားကျန်းမာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီမှာက အဖြစ်များကြတယ်။ ပြီးတော့ ကျောင်းသား/သူတွေအများစုက အတူတူနေကြတော့ တစ်ယောက် စဖြစ်ပြီးဆို နောက်ထပ်ကူးသွားတယ်။ အနေနီးရင် ကူးစက်လွယ်တယ်။ ညီစားမှာမှ မဟုတ်ဘူး။ ရွာတွေမှာ လည်း ဖြစ်တယ်။ အိမ်တွေမှာဆို ရေအကြွင်းအကျန်တွေကို သေသေချာချာ သန့်ရှင်းရေးတွေ မလုပ်ထားကြဘူး။ အဲ့ရေကနေတစ်ဆင့် ခြင်တွေဖြစ်လာပြီး ခြင်ကလူကိုကိုက်တော့ ရောဂါတွေဖြစ်လာတယ်”ဟု သူက ပြောသည်။
ရောဂါကူးစက်ခံသူ ဒေသခံအများစုတို့ မွန်အမျိုးသား ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားသည့် ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာတို့တွင် ဆေးကုသမှု ခံနေရကြောင်း ဆက်ပြောသည်။
ရေချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းကျော် ၉၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာပြီး ဇွန်လတစ်လအတွင်းငှက်ဖျားဖြစ်ပွားသူ ၂၀၀ ဦးအထိ ရှိခဲ့သည်ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီ၏ စာရင်းများအရ သိရသည်။
အလားတူ ရေးတော်လှန်ရေးပူးပေါင်းတပ်တို့ လှုပ်ရှားနေသည့်ဒေသတွင်လည်း ငှက်ဖျားရောဂါစတင် ဖြစ်ပွားလာပြီးဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“ကျွန်တော်တို့ တပ်မှာလည်း စဖြစ်နေပြီး။ တပ်သားတွေလည်း ၁၀၀ မှာဆို ၂၀ လောက်က ဖြစ်ပြီးနေပြီး။ အချို့ဆို နှစ်ခါတောင်ဖြစ်ပြီးပြီ။ ဘယ်လိုမျိုးကုသနေလဲဆိုတော့ မနှစ်က ကမ်ပိန်းကနေ ကျန်ရှိ နေတဲ့ဆေးတွေနဲ့ကုနေတာ။ မကြာမီမှာပဲ ဆေးကုန်တော့မယ်။ ဆေးတွေစုရမယ်။ ဓာတ်ဆားတွေ စုရမယ်။ ရောဂါစမ်းသပ်ဖို့ပစ္စည်းလည်းစုရမယ်။ အဲ့လိုအခြေအနေရှိတယ်”ဟု သူက ဆိုသည်။
ငှက်ဖျားရောဂါခံစားနေရသည့် ရဲဘော်တို့အတွက် ဆေးဝါး၊ ဓာတ်ဆား၊ အားဆေး၊ ရောဂါစမ်းသပ်နိုင်သည့် ပစ္စည်းကိရိယာတို့ အထူးလိုသည့်အပြင် ငှက်ဖျားရောဂါ ကြိုတင်ကာရန် မရှိမဖြစ်လိုအပ်သည့် စောင်၊ ခြင်ထောင်တို့လည်း လုံလုံလောက်လောက်မရှိကြောင်း ဆက်ပြောသည်။
ငှက်ဖျားရောဂါသည် ရောဂါပိုးရှိသည့် ခြင်အကိုက်ခံရပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း ရောဂါလက္ခဏာများစတင်ဖြစ်ပေါ်ပြီး ပုံမှန်အပူချိန်ထက် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်သားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရောဂါလက္ခဏာတို့တွေ့ရှိရကြောင်း ကျန်းမားရေးဆိုင်ရာ အချက်အလက်တို့အရ သိရသည်။
အဆိုပါ ရေးချောင်းဖျားဒေသသည် တောတောင်ထူထပ်သည့်နေရာဖြစ်ပြီး ရာသီဥတုချမ်းအေးသည့် ဒေသဖြစ်သဖြင့် နှစ်စဉ်ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားနေကြောင်းနှင့် ထိုအရပ်ဒေသသို့ မဖြစ်မနေသွားရောက်မည်ဆိုပါက ကျန်မာရေးသိကျွမ်းသူတို့နှင့် တိုင်ပင်၍ ငှက်ဖျားရောဂါကာကွယ်ဆေး ကြိုတင်သောက်သုံးခြင်း သို့မဟုတ် ထိုးနှံခြင်းနှင့် ဆေးဆောင်ထားခြင်းတို့လုပ်ဆောင်သင့်ကြောင်း ကျန်းမာရေးသိကျွမ်းသူတို့က တိုက်တွန်းထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းကာလနောက်ပိုင်းတွင် မြို့ပေါ်နှင့်ဝေလံသည့်ဒေသသို့ ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းမရှိသလောက်နည်းပါးနေပြီး ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းတို့ကို ဒေသခံတို့က NGO, INGO အဖွဲ့အစည်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နေရကြောင်း သိရသည်။
ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုသည် ငှက်ဖျားရောဂါကို ပိုမိုကျယ်ပြန့်စေပြီး ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ပြည့်နှစ်ကြား လူဦးရေ ၆၀၀၀၀ ခန့်ငှက်ဖျားရောဂါကြောင့် သေဆုံးနိုင်ဖွယ်ရှိကြောင်းနှင့် သေဆုံးမှုနှုန်း ၁၂ ရာခိုင်နှုန်းအထိ တိုးလားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ခန့်မှန့်ပြောဆိုထားသေးသည်။