Homeသတင်းဘုရားသုံးဆူမြို့အနီး သတ္တုမိုင်းလုပ်ကွက်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ဘုရားသုံးဆူမြို့အနီး သတ္တုမိုင်းလုပ်ကွက်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာ သတ္တုမိုင်းလုပ်ကွက်နေရာကို စစ်ကောင်စီက ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဘုရားသုံးဆူဒေသခံတို့ထံမှ သိရသည်။

မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းလုပ်ကွက် အမှတ် ၂ နှင့် အမှတ် ၅ နေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃၅ လုံးထက်မနည်း လာရောက်ကြဲချသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“လူထိတာတော့ မရှိဘူးလို့ သိရတယ်။ ဗုံးကြဲတာက မက္ကသာရွာထဲကိုမဟုတ်ဘူး။ မိုင်းလုပ်ကွက်ရှိတဲ့ တောဘက်မှာ ကြဲတာ။ အလုံး ၃၀ ကျော်တယ် ကြဲချနေတာ” ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း သတ္တုမိုင်းကွက်အတွင်းရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိကြောင်းလည်း ဆိုသည်။

မက္ကသာကျေးရွာအနီးရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း တစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရစဉ်က သတ္တုမိုင်းလုပ်ကွက်ရှိ တရုတ်နိုင်ငံသားများအပါအဝင် မိုင်းလုပ်သားအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

မက္ကသာ သတ္တုမိုင်းလုပ်ကွက်များသည် ကရင်အမျိုးသား အစည်းအရုံး ( KUN) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး ယခင်စစ်အစိုးရလက်ထက်ကတည်းက ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုင်း၊ တရုတ်တို့နှင့် ဆက်စပ်ကုမ္ပဏီများလည်း လုပ်ကိုင်နေကြောင်း သိရသည်။

Photo : ပုံဟောင်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts