ရေးသူ – လဝီဝမ်၊ အတွေးအမြင်
တိုင်းရင်းသားဘာသာစကားက ကျနော်တို့ နိုင်ငံရဲ့ အခြေခံပညာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားခွင့် တရားဝင်မရသေးတာကြောင့် နွေအခါ ကျောင်းတွေ ပိတ်ကာမှ မိခင်ဘာသာကို သင်ကြားလေ့ရှိပါတယ်။ သို့ပေမယ့် အိမ်တိုင်းကတော့ ကိုယ့်ကလေးငယ်တွေကို မိခင်ဘာသာသင်ကျောင်းတွေကို တကူးတက မပို့ကြပါဘူး။ ဒီတော့ နွေရာသီ မိခင်စာပေသင်ကြားချိန် ရောက်လာပြီဆိုရင် ကျနော့်စိတ်ထဲမှာ အတွေးတခုပေါ်မိ မေးမိတာက ကျနော်တို့ ဘာကြောင့် ကိုယ့်ကလေးတွေကို မွန်စာပေ သင်ကြားဖို့ အားမပေးကြတာပါလဲဆိုတာ ဖြစ်ပါတယ်။

ကိုယ်နဲ့ခင်တဲ့ အသိမိတ်ဆွေတွေကိုတော့ ကိုယ့်ကလေးကို မွန်စာပေသင်ပေးကြဖို့ သင်ကြားခွင့်ရှိတဲ့ ကျောင်းတွေဆီကို ပို့ပြီး သင်ပေးဖို့ ကျနော်က တိုက်တွန်းလေ့ရှိပါတယ်။ ဒါကလည်း ကိုယ်နဲ့ အရမ်းခင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မှ ပြောရဲတာပါ။ တချို့ကျတော့ ဘယ်သူမှ မတိုက်တွန်းပေမယ့်လည်း သူတို့ ကလေးတွေကို မွန်စာသင်ဖို့ မွန်ကျောင်းကို ပို့ကြတာ တွေ့ရပါတယ်။ သူတို့အသိနဲ့ သူတို့ ပို့ကြတာပါ။ ဒါပေမယ့် တချို့ကျတော့ မွန်စာသင်ရင် ဘာအကျိုးရမှာမို့လဲ ဆိုပြီး မေးလာကြတာ ရှိပါတယ်။ တချို့ကျတော့ ကလေးကို ကျောင်းပို့ဖို့ သူတို့မအားပါဘူးတဲ့။ ဒီလို အမျိုးမျိုး တုန့်ပြန်ကြတာလည်း ရှိပါတယ်။ တချို့ကျတော့ ကလေးငယ်ချိန်မှာ ဘာသာစကားတွေ သင်ရင် ကလေးက ခေါင်းရှုပ်သွားမှာ စိုးရိမ်လို့ပါတဲ့။
လူဆိုတာလည်း ကိုယ့်အသိတရားနဲ့ကိုယ်ဆိုတော့ ကျနော်လည်း ဝေးဝေးလံလံ ထဲထဲဝင်ဝင် လိုက်မပြောတော့ပါဘူး။ ကျနော်တို့ မွန်တွေ ဒါမှမဟုတ် မွန်သွေးနှောသူတွေမှာ မွန်ပါလို့ မိတ်ဆက်ညွှန်းဆိုကြတဲ့အခါ နည်းအမျိုးမျိုး ရှိပါတယ်။ တချို့က မွန်ဝတ်စုံတွေ ဝတ်ပြီး ကျနော်မွန်ပါလို့ ပြောနေကြတာတော့ ရှိပါတယ်။ မွန်စကားပြောပြီး ကျနော်မွန်ပါလို့ ပြောကြတာလည်း ရှိသလို တချို့ကျလည်း မွန်စကားတလုံးတောင် မပြောတတ်ပေမယ့် ကျနော်မွန်ပါလို့ ပြောကြတာ ရှိပါတယ်။ အထူးသဖြင့် ပြည်မအရပ် ရန်ကုန်လိုမြို့ပြပေါ်မှာ နေထိုင်တဲ့ မွန်တွေဆိုရင် မွန်စကား မပြောတတ်ကြတော့သလို မွန်စာပေကိုလည်း မသိကြတော့တာ ခပ်များများဖြစ်ပါတယ်။ ဒီနေရာမှာ မွန်ဖြစ်သော်ငြား မွန်စာပေနဲ့ စကား မတတ်လို့ ချိုးနှိမ်ပြောဆိုလိုစိတ် ကျနော့်မှာ မရှိပါဘူး။ ကျနော်တို့ မွန်လူမျိုးဆိုတာကို ဂုဏ်ယူပြီး ပြောဆိုဖို့ ကျနော်တို့ လူမျိုးရဲ့ အမှတ်လက္ခဏာမှာ အရေးပါတဲ့ စကားနဲ့ စာပေကို လက်ဆင့်ကမ်းပြီး မွန်တွေ တည်ရှိမှုကို ဆက်ထိန်းသိမ်းကြဖို့ကို အဓိက ဦးတည်ဆွေးနွေးလိုတာ ဖြစ်ပါတယ်။
လူမျိုးတမျိုးမှာ ရိုးရာယဥ်ကျေးမှု၊ စာပေ၊ ဘာသာစကား စတာတွေက ဒီလူမျိုးဖြစ်ကြောင်းကို အကောင်းဆုံးဖော်ညွန်းပြသရတဲ့ အရေးပါဆုံး အမှတ်လက္ခဏာတွေ ဖြစ်ပါတယ်။ အခုအခါ ကျနော်တို့က ကလေးငယ်တွေကို ကိုယ့်စာပေ၊ ဘာသာစကား စတာတွေကို လက်ဆင့်ကမ်း အမွေမပေးခဲ့ရင် နောက်နောင် မွန်ဘာသာစကား တိမ်ကောပျောက်ကွယ်မယ့် ဘေးအန္တရာယ်နဲ့တောင် ရင်ဆိုင်ရနိုင်ပါတယ်။ ကျနော်တို့သာ မထိန်းသိမ်းဘူးဆိုရင် ဘယ်သူ ဘယ်လူမျိုးကမှ ကျနော်တို့ စာပေနဲ့ ဘာသာစကားကို လာထိန်းသိမ်းပေးနိုင်မှာပါလဲ။ ကျနော်တို့မှာပဲ တာဝန်ရှိတာ ဖြစ်ပါတယ်။ စာပေနဲ့ ဘာသာစကားပျောက်ရင် ကျနော်တို့ လူမျိုးက တနေ့ ကမ္ဘာမှာ မျိုးသုဥ်းပျောက်ကွယ်သွားမယ့် လူမျိုးဖြစ်သွားနိုင်ပါတယ်။ မွန်သွေး ပါသော်ငြား မွန်စကားလည်း မတတ်၊ စာပေလည်း မသိတော့ရင် ကျနော်တို့က အခြား လူမျိုးလို ဖြစ်သွားမှာ ဒါမှမဟုတ် အခြားလူမျိုးရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာမျိုး ဖြစ်သွားမှာ မလွဲဧကန်ပါ။
ကျနော့် ပတ်ဝန်းကျင်လေးမှာတော့ နွေရာသီမိခင်ဘာသာစကားသင်ချိန် ရောက်ပြီဆိုရင် မွန်သံဃာတော်တွေက စာသင်ဖို့ ပြင်ဆင်ကြပါတယ်။ မွန်ကျောင်းဆရာနဲ့ ဆရာမတွေ ကလည်း ကလေးတွေ စာသင်နိုင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း ကူသင်ကြပါ တယ်။ ထိုင်းနိုင်ငံထဲက ဝင်္ကမွန်ရွာက မွန်ဘုန်းကြီးကျောင်းမှာဆိုရင် ကျောင်းထိုင်ဆရာတော် က ရက် ၃၀ နွေရာသီစာပေသင်တန်းအတွက်ကို ဘတ်ငွေ နှစ်သိန်းကနေ သုံးသိန်းကြား အကုန်ကျခံပြီး ဖွင့်လှစ်ပါတယ်။ သင်တန်းက ကလေးတွေကိုလည်း နေ့လည်စာ ကျွေးပါတယ်။ ကျောင်းဆင်းလို့ အိမ်ပြန်ချိန်ဆိုရင်လည်း မုန့်ပဲသရေစာ ထည့်ပေးလိုက်ပါ သေးတယ်။ မွန်သံဃာတော်တွေက မွန်စာပေပျောက်သွားမှာကို စိုးရိမ်လို့ နိုင်တဲ့ တာဝန်ကို ထမ်းနေတယ်ဆိုတာ အရမ်းကို မြင်သာလှပါတယ်။
ကလေးတွေ အိမ်မပြန်ခင်မှာလည်း သံဃာတော်တွေက မွန်စာပေဆိုတာ တချိန်က ထီးသုံးနန်းသုံးစာပေဖြစ်ခဲ့တယ်ဆိုတာကို သမိုင်းရာဇဝင်တွေ ပြောပြလေ့ ရှိပါတယ်။ ကလေးတွေ နားလည်နိုင်အောင် ကိုယ့်မွန်သမိုင်းကို ပြန်ရှင်းပြရင်း စာပေကိုလည်း စိတ်ဝင်စားအောင် သမိုင်းကိုလည်း နားလည်အောင်ဆိုတဲ့ ရည်ရွည်ချက်နဲ့ ပြောပြရှင်းပြနေတာလို့ ကျနော်ကတော့ ထင်မြင်မိပါတယ်။ “ကိုယ်က မွန်ဖြစ်ပြီး မွန်စာပေ မတတ်ရင် အခြားသူတွေက အထင်သေးမယ် မဟုတ်လား”တဲ့။ ဆရာတော်တပါးက ကလေးတွေကို မေးနေတာပါ။ ဆရာတော်ရဲ့ သဘောက မွန်ကလေးတိုင်းကို မွန်စာပေ တတ်စေချင်တဲ့ စိတ်နဲ့ ဒီလို ပြောနေတာပါ။ ရက် ၃၀ သင်တန်းပြီးမြောက်ချိန်ကျရင်လည်း သင်တန်းဆင်းပွဲကျင်းပပြီး အောင်လက်မှတ်တွေလည်း ထုတ်ပေးပါတယ်။ သင်တန်းဆင်းချိန် ဆရာတော်ရဲ့ အမှာစကားက “ကိုယ့်မွန်စာကို ဘုန်းကြီးကျောင်းမှာပဲ မထားခဲ့နဲ့နော်၊ အိမ်ကိုလည်း ယူသွားပါဦ”တဲ့ ။
ဆရာတော်ရဲ့ ဆုံးမသွန်သင်မှုက တကယ့်မျက်မှောက် မွန်စာပေရဲ့ အခြေအနေကို ထင်ဟပ်ပါတယ်။ မွန်စာပေက မွန်ဘုန်းကြီးကျောင်းပရိဝုဏ်တွေမှာပဲ ပိုရှင်သန်တာ များပါတယ်။ မွန်သံဃာတော်တွေကပဲ စာပေကို ပိုအလေးထား ထိန်းသိမ်းကြလို့ပါ။ ကျနော်တို့ ပြင်ပ လူ့လောကီဘောင်မှာတော့ ရုံးသုံးစာ၊ ကျောင်းသုံးစာအဖြစ် မွန်စာပေကို မသုံးရတော့ အလေးလည်း မထား၊ မသုံးကြတာများ ပါတယ်။ ကျနော်တို့ မွန်စာပေက မထိန်းသိမ်းရင် ပျောက်လုနီးပါး ဖြစ်တော့မယ့် အခြေအနေကို ဆိုက်နေပါပြီ။
တိုင်းရင်းသားတိုင်း လူမျိုးတိုင်းကတော့ ကိုယ့်မိခင်စာပေ ပျောက်သွားမှာကို စိုးရိမ်ကြပါတယ်။ ကျနော်တို့ မွန်မှာ မွန်အမျိုးသားစာသင်ကျောင်းပေါင်း ၁၃၄ နီးပါး ရှိပါတယ်။ ဒီကျောင်းတွေက မွန်ပြည်သစ်ပါတီ (NMSP) က ဖွင့်လှစ်ပေးထားပြီး မွန်ကလေး တွေကို သင်ကြားပေးနေတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ တချိန်က နွားတင်းကုတ်လို တဲပုတ်ကလေးကနေ စတင်ခဲ့တဲ့ ကျောင်းတွေပါ။ အခုခေတ်မှာတော့ အုတ်တံတိုင်းနဲ့ ခိုင်ခံ့တဲ့ အဆောက်အဦးတွေ ဖြစ်နေပါပြီ။ မြန်မာအစိုးရရဲ့ ကျောင်းတွေလိုမျိုး ကျောင်းဆောင်တွေ အဖြစ် ပြောင်းလဲ တည်ဆောက်ထားပါပြီ။ တချို့မွန်ရွာက မွန်ကျောင်းတွေကတော့ အစိုးရရဲ့ ကျောင်းထက်တောင် ခန့်ညားပါတယ်။ သေသေချာချာကို တည်ဆောက်ထားတာပါ။ ဒါက ဘာကိုပြနေလဲဆိုရင် မွန်တွေက စာပေနဲ့ ပတ်သတ်ရင် အများကြီး အားထုတ်နေတယ် ဆိုတာကို ပြနေတဲ့ မြင်ကွင်းလည်း ဖြစ်ပါတယ်။ မွန်တွေမှာ စာပေနဲ့ ပတ်သက်ရင် ဦးဆောင်မှု ကောင်း ရှိတယ်လို့လည်း မြင်မိပါတယ်။
သို့ပေမယ့် ဘာလို့ မွန်မိဘတွေက မွန်စာပေကို သင်ဖို့ ကလေးတွေကို မတိုက်တွန်းကြတာလဲ။ မွန်မှာ နိုင်ငံတော်မရှိလို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ နိုင်ငံရေးစနစ်တခု မရှိလို့ မွန်စာပေက အထင်သေးခံရတာလို့ ကျနော်က ယူဆပါတယ်။ မွန်အစိုးရမရှိသလို မွန်စာပေကလည်း ရုံးသုံးဘာသာ မဟုတ်တာကြောင့်ပါ။ မွန်စာကိုပဲ သိပ်အာရုံစိုက်နေရင် နောင်မှာ မွန်စာပဲ တတ်ပြီး ကြီးလာတဲ့ ကလေးတွေက ပြည်မနဲ့ အခြားဒေသတွေမှာ အလုပ်အကိုင် ရှာဖွေ မရမှာကို မိဘတွေကို စိုးရိမ်ကြပါတယ်။ မွန်စာပေတတ်ရင် ဘဝအခွင့်အလမ်းအတွက် ဂုဏ်ယူစရာ အထင်ကြီးစရာ မရှိဘူးလို့ ခံယူပြီး ကိုယ့်ကလေးကို မွန်စာသင်ဖို့ အားမပေးကြတာပါ။ ဗမာစာက ကိုယ့်မိခင်စာပေ မဟုတ်ပေမယ့် ဗမာကျောင်းပြီးရင် ဗမာစာပေကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရင် အလုပ်ရတယ်ဆိုတော့ ကိုယ့်စာပေထက် အခြားတဦးတယောက်ရဲ့ စာပေကို ပိုအထင်ကြီးနေကြတာ အမှန်ပါ။ ဒါတွေက ကျနော်တို့ မွန်အသိုင်းအဝိုင်းမှာ ဖြစ်နေ ရှိနေတဲ့ လက်တွေ့အခြေအနေကို ကျနော်မြင်မိတဲ့အပေါ် ဆွေးနွေးချက် ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ UNESCO အဖွဲ့ ကိုယ်တိုင်က ကလေးတွေကို ကိုယ့်မိခင်ဘာသာစကားသင်ပေးကြဖို့ မိဘတွေကို အားပေး တိုက်တွန်း နေတာရှိပါတယ်။ သူတို့ရဲ့ သုတေသနပြုလုပ်ချက်တွေထဲမှာဆိုရင် မိခင်ဘာသာစကားတတ်ထားတဲ့ ကလေးတယောက်က စဥ်းစားဥာဏ် ပိုအားကောင်းသလို အခြားကလေးထက် အသိဥာဏ်ထက်မြက်တယ်လို့ ဆိုပါတယ်။ ဒါက မိခင်ဘာသာစကားနဲ့ စာပေတတ်ခြင်းရဲ့ ကောင်းကွက်တခုပေါ့။ မွန်စာပေတတ်လို့ စာရေးသူ ကျနော်ကိုယ်တိုင် ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီမှာ အလုပ်လုပ်ဖို့ လျောက်တဲ့အခါ အင်တာဗျူးဖြေတဲ့အခါ ကမ္ဘာသုံး အဂႅလိပ်စာအပြင် မိမိ မိခင်ဘာသာစကားပြောဆိုနိုင် ရေးသားနိုင်ရင် ကျနော်တို့မှာ အလုပ်အကိုင် အခွင့်အလမ်း အတွက် ပိုအားသာချက် ရှိပါတယ်။ အလုပ်လျောက်လွှာတွေမှာလည်း ဘာသာစကား ဘယ်နှစ်မျိုးတတ်မြောက်ကြောင်း ဖြည့်စွက်ပေးရတာတွေ ရှိပါတယ်။
အလုပ်လျောက်တဲ့အခါ ပြိုင်ဘက်တွေ ရှိလေ့ရှိပေမယ့် ကိုယ်က ဘာသာစကား လေးမျိုးလောက် တတ်ထားရင် အလုပ်ရှင်က ကိုယ့်ကိုပဲ ပိုရွေးတာများပါတယ်။ ဒါက ကောင်းကွက်နောက်တခုပါ။ စာရေးသူကိုယ်တိုင်က မွန်စာပေတွေလည်း ဖတ်တော့ သတင်းထောက်တယောက်အနေနဲ့ဆိုရင် အရမ်းအသုံးဝင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မွန်လိုရေးထားတဲ့ မွန်တို့ရဲ့ လျို့ဝှက်ချက်တွေ ပြီးတော့ ထိလွယ်ရှလွယ်ဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးချက်တွေ မွန်လက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေဆိုရင် မွန်စာပေနဲ့ ရေးသားတာ များပါတယ်။ ကျနော်ကိုယ်တိုင်က မွန်စာတတ်တော့ ဖတ်နိုင်တဲ့အခါ အခြားဗမာသတင်းထောက်တွေထက် ကျနော်က သတင်းဦးရသူ မွန်နိုင်ငံရေးကို ရှေ့တလှမ်းကြိုနားလည်သူ ဖြစ်လာပါတယ်။ နောက် ဥပမာတခုပြောရရင် နိုင်ငံတကာ NGO အဖွဲ့တခုခုက မွန်ဒေသထဲမှာ လုပ်ငန်းလုပ်ကိုင်ဖို့ ဝန်ထမ်းခေါ်ယူမယ်ဆိုရင် အနည်းဆုံး မွန်စကားနဲ့ စာပေ တတ်မြောက်တဲ့ သူကို ရွေးချယ်မှာဖြစ်ပါတယ်။ မွန်လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ မွန်စကားရော စာပေရော တတ်မြောက်သူက ဆက်သွယ်ရေးနဲ့ ဆက်ဆံရေး အခန်းကဏ္ဍမှာ အခရာ ဖြစ်ပါတယ်။
မွန်မိဘတွေအနေနဲ့ မွန်စာပေနဲ့ စကားရဲ့ တန်ဖိုးကို နားလည်ကြဖို့ လိုပါတယ်။ ဘာသာစကားတန်ဖိုးကို နားလည်တဲ့ နိုင်ငံခြားသားအများစုက သူတို့ ရောက်လေရာ အရပ်မှာ သူတို့ နှစ်သက်တဲ့ ဘာသာစကားကို အနည်းဆုံး တခုလောက်ကို ပြောတတ် ဖတ်တတ်အောင် လေ့လာလေ့ ရှိကြပါတယ်။ နယ်ခံတွေရဲ့ ဘာသာစကားကို သူတို့ ပြောနိုင်ရင် သူတို့လုပ်နေတဲ့ အလုပ်တွေက ပိုပြီး ထိရောက်လို့ပါ။ ဒေသခံတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာလည်း ပိုရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ပါတယ်။ ကျနော်တို့တွေ အတွေးမမှားကြဖို့ လိုပါတယ်။ ကလေးတွေရဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။ မိဘတွေက အမြင်မှန်ကန်ရင် ကိုယ့်ကလေးတွေရဲ့ ဘဝအနာဂတ်လည်း တန်ဖိုးရှိလာမှာပါ။ ဘာသာစကားမျိုးစုံ ကြွယ်ဝတဲ့ ကလေးတွေဖြစ်ကြဖို့ မျှော်လင့်ရင်း ဒီလောက်နဲ့ပဲ ကျနော့်ဆွေးနွေးမှုကို နိဂုံးချုပ်လိုက်ပါတယ်။