မကွေးတိုင်း၊ မကွေးမြို့ ဗဟိုအကျဉ်းထောင် (ဒေါင်းနေအကျဉ်းထောင်) တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦး ထိမှန်သေဆုံးခဲ့ကြောင်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) ထံမှ သိရသည်။
သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့က မကွေးအကျဉ်းထောင် မျက်နှာချင်းဆိုင်ရှိ အမှတ် ၂၅ ရဲတပ်ရင်းကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
မကွေးအကျဉ်းထောင်ရှေ့ရှိ အမှတ် ၂၅ ရဲတပ်ရင်းတွင် တိုက်ပွဲဖြစ်ပွားနေစဉ် အကျဉ်းထောင်ထဲတွင် လည်း အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှုအချို့ ဖြစ်ပွားခဲ့သည်။
အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား တင်းမာမှုနှင့် ထိတွေ့မှု ဖြစ်ပွားနေစဉ်အတွင်း ထောင်ဗူးဝနှင့် ကင်းမျှော်စဉ်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံတွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင်အပါအဝင် နိုင်ကျဉ်း ၂ ဦး ထိမှန်သေဆုံးခဲ့သည်ဟု PPNM က ဆိုသည်။
ထိုပြင် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၅ ဦးထက်မနည်း ဆေးဝါးကုသမှု ခံယူနေရပြီး ထောင်ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် မကွေးအကျဉ်းထောင်ထဲက အကျဉ်းသားများ ဆူပူမှုမဖြစ်အောင် ထောင်အာဏာပိုင်တို့က ထောင်ဝါတာများကို ညတွင်းချင်း တပ်လှန့်ခဲ့ပြီး ပုံမှန်အပြင်ဘုတ် သမားများကိုလည်း အပြင်ပေးမထွက်ခိုင်းဘဲ သင်္ကြန်ခွင့်ယူထားသည့် ဝါတာများကိုလည်း ပြန်ခေါ်ထားသည်ဟု သိရသည်။


