ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်) လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ်ကျေးရွာနှင့် ထီးသဲကရူကျေးရွာတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က ဘလယ်ဝေါ်ကျေးရွာနှင့် ထီးသဲကရူကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချခဲ့သည်ဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘလယ်ဝေါ်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် စောပါနာမူးနှင့် စောဒေးစိတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။
၎င်းပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင်နေအိမ်များကို ပစ်မှတ်ထားကာ လက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ဆောင်နေသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။




