spot_img
Friday, April 11, 2025
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်စစ်ဘေး၊ သဘာဝဘေးနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ

    စစ်ဘေး၊ သဘာဝဘေးနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ

    -

    ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်း အစရှိသည့် ဒေသများတွင် ပြည်သူများ လမ်းပေါ် တဲထိုးနေရချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ထုတ်ပြန် ပြောဆိုလာသည်။

    လူပေါင်း ၃၀၀၀ ကျော်ကို တခဏအတွင်း သေဆုံးစေကာ အပျက်အစီးများခဲ့သည့် ငလျင်ဘေးသင့်ဒေသတွင် ပြန်ထည်ထူထောင်ရေးကို မဆိုသေး သေဆုံးသူရုပ်အလောင်းများကိုပင် အလုံးစုံ မဖော်ထုတ်နိုင်သေးချိန် စစ်ကောင်စီက ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များကိုသာ ဦးစားလုပ်ဆောင်ရန် ကြိုးပမ်းနေသည်။

    ၂၀၂၅ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဝင်ခွင့်အား မေလ ၉ ရက် နောက်ဆုံးထား၍ လျှောက်ထားကြရန် စစ်ကောင်စီက ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    “ရွေးကောက်ပွဲမှာ ကျွန်တော်တို့က မှတ်ပုံတင်ထားပြီဆိုတော့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ပါဝင်ယှက်ပြိုင်ရတော့မယ့် သဘောပဲရှိတာပေါ့။ မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုရင်တော့လည်း ဆိုပါစို့ ကျွန်တော်တို့ မွန်ပြည်နယ်မှာဆိုရင်လည်း အားလုံးကို မကျင်းပနိုင်သည့်တိုင်အောင် အားလုံးကို အချိုးချပြီးတော့မှ လုပ်နိုင်တာ တမျိုးရှိတယ်။ သို့တည်းမဟုတ်လို့ရှိရင်လည်း နောက်ထပ်တဖန် ပြန်လည်ရွေးကောက်တင်မြောက်ဖို့ နေရာချန်ခဲ့မယ် အဲ့လိုမျိုးတနည်းရှိတာပေါ့။ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်ပေါ့လေ။ အခုကလည်း ရွေးကောက်ပွဲ ဥပဒေကလည်း မထွက်လာသေးတော့ ကျွန်တော်တို့ကလည်း မှန်းဆလို့ မရသေးဘူးဖြစ်နေတယ်”ဟု မွန်တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ နိုင်မျိုးတင့်လွင်က ပြောသည်။

    မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု များခဲ့သည့် ဒေသတွင် စစ်ကောင်စီအခြေစိုက်သည့် နေပြည်တော် ကောင်စီနယ်မြေလည်း ပါဝင်သည်။

    ငလျင်ကြောင့် လွှတ်တော်အဆောက်အဦးများ၊ သမ္မတရုံးများအပါအဝင် ဝန်ကြီးဌာနအဆောက်အဦးများ ပြိုကျပျက်စီးခဲ့သည့်အတွက် စစ်ကောင်စီအရာရှိများပင် တာလဘက်ကာထားသည့် အဆောက်အဦးတွင် အစည်းအဝေးလုပ်နေရသည်။

    တဘက်တွင်လည်း ကချင်ပြည်နယ်တွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ၊ ချင်းပြည်နယ်တွင် ဖလမ်းမြို့သိမ်းတိုက်ပွဲ၊ စစ်ကိုင်းတိုင်းတွင် အင်းတော်မြို့သိမ်းတိုက်ပွဲများအပြင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းဒေသများတွင်ပါ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲများကလည်း ရှိနေသည်။

    အဆိုပါ အခြေအနေများကို မျက်ကွယ်ပြု၍ ရွေးကောက်ပွဲအကောင်အထည်ပေါ်ရန် ဦးစားပေးနေသည့် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတို့က ဝေဖန်ပြောဆိုသည်။

    “စစ်ကောင်စီကတော့ သူက နိုင်ငံတကာမှာ ရုရှားခရီးစဉ်နှင့် ဘယ်လားရုစ်ခရီးစဉ်မှာ သူကပြောခဲ့တယ်။ ရွေးကောက်ပွဲလုပ်ပါမယ်ဆိုတော့ သူက နိုင်ငံတကာကို အသိပေးလိုက်တဲ့ပုံစံဖြစ်သွားတော့ သူက မဖြစ်မနေရွေးကောက်ပွဲလုပ်ရတော့မယ်။ မဖြစ်မနေရွေးကောက်ပွဲ လုပ်ရတဲ့အခါမှာလည်း လက်ရှိမှာက သဘာဝဘေးကလည်း ဖြစ်သွားပြီ။ ငလျင်လှုပ်သွားတဲ့အခါကျတော့ ကျွန်တော်တို့က ဒုက္ခရောက်တဲ့သူတွေရာ အများကြီးပေါ့ ကယ်ဆယ်ရေးတွေ အဓိကလုပ်ရမယ့်အချိန်မှာမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုဥက္ကဌကိုလည်း ထပ်ခန့်တယ်။ ရွေးကောက်ပွဲကိုလည်း ဒီဇင်ဘာမှာ တစ်လအတွင်း အပြီးလုပ်မယ်ဆိုပြီး ရွေးကောက်ပွဲလုပ်မယ့်ကိစ္စပဲ ပြောနေတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲလုပ်တယ်ဆိုတာက ပြည်သူကို အခြေခံရတာဗျ။ တိုင်းပြည်ရဲ့ ကောင်းတဲ့အခြေအနေပေါ်မှာ ကြည့်ပြီးတော့မှ ငြိမ်းချမ်းတဲ့အခြေအနေပေါ်မှာ ကြည့်ပြီးတော့ ရွေးကောက်ပွဲ လုပ်ရတာ။ သူကတော့ ရွေးကောက်ပွဲကို အသဲအသန်လုပ်ချင်နေတဲ့ ပုံစံဗျ။ အခုအချိန်မှာက ကယ်ဆယ်ရေးတွေလည်း မလုပ်ရသေးဘူး။ ရွေးကောက်ပွဲကိုပဲ အော်နေတယ်။ အဲ့တာဆိုတော့ ဒီရွေးကောက်ပွဲက ကယ်ဆယ်ရေးတောင် ကောင်းကောင်းမလုပ်နိုင်တာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတမှာလဲ” ဟု ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူက မှတ်ချက်ပေးသည်။

    စစ်အာဏာရှင်က သဘာဝဘေးအပေါ် အမြတ်ထုတ်ခဲ့သည့် သာဓကများလည်း ရှိခဲ့ဖူးသည်။

    ၂၀၀၈ ခုနှစ်က မြန်မာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးမှုရှိခဲ့သည့်အချိန်တွင် စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။

    မြန်မာနိုင်ငံ ဒေသအများအပြားတွင် သဘာဝဘေးမှ ရုန်းကန်နေရချိန်တွင် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သတ်မှတ်ပြီး အနာဂတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲ ၇၅ ရာခိုင်နှုန်း လိုအပ်စေသည့် အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ လုပ်ဆောင်ခဲ့သည်။

    ၎င်းပြင် အခြေခံဥပဒေတွင် “အရေးပေါ်အခြေအနေ” တွင် နိုင်ငံကို စစ်တပ်က အုပ်ချုပ်ခွင့်ပြုထားပြီး လူထုဆန္ဒခံယူပွဲ ကျင်းပသော်လည်း မဲပေးသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းရှိပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက စစ်တပ်လိုလားသော ဖွဲ့စည်းပုံကို ထောက်ခံသည်ဟု စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ ဦးဆောင်သည့် စစ်အုပ်စုက ကြေညာခဲ့သည်။

    မျက်မှောက်ခေတ် ၂၀၂၅ ခုနှစ်တွင်လည်း ပြည်သူများ သဘာဝဘေး၊ ငလျင်ဘေးကြောင့် အခက်အခဲ အကြပ်အတည်း ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေသည်။

    “ခက်တာက ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေမှာက မဲသွားပေးခွင့်ရှိသလို မဲသွားမပေးလည်း ရတယ်လို့ ရွေးကောက်ပွဲဥပဒေမှာ ရှိတယ်ဗျ။ အဲဒီတော့ ကျွန်တော်တို့က လက်ရှိ အာဏာသိမ်းထားတယ်ဆိုတဲ့အခါမှာ ပြည်သူတွေက မဲပေးချင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မဲလာမပေးတဲ့မဲတွေကျ သူတို့လိမ်ပြီးထည့်လို့ရတဲ့ မဲတွေ ဖြစ်နေပြန်ရောဗျ။ ၂၀၀၈ မှာလည်း ကျွန်တော်တို့ကဗျာ ဧရာဝတီတိုင်းမှာဆိုရင် အများကြီး သေကြေပျက်စီးကြတယ်။ ဒါပေမယ့်လည်း သူက သေကြေပျက်စီးတဲ့ဟာ လုပ်ပြီးတော့လည်း ၂၀၀၈ မှာ သန်းခေါင်းစာရင်းလုပ်တယ်။ လူဦးရေ ထောက်ခံတဲ့ စာရင်းလုပ်တယ်။ နောက်တခါ ရွေးကောက်ပွဲကျင်းပပြီးတော့မှ သူတို့ လာမပေးတဲ့ မဲတွေနဲ့ဗျ ရွေးကောက်ပွဲ အထမြောက်သွားတယ်ဆိုတဲ့ ပုံစံမျိုး လုပ်လိုက်တယ်။ အခုလဲ ကျွန်တော်တို့ ဒီမှာ သဘာဝဘေးအန္တရာယ်ကြောင့် သေကြေပျက်စီးသွားကြတဲ့ လူတွေ အများကြီးပဲ။ နောက်ပြီးတော့ ဒုက္ခရောက်တဲ့လူတွေ အများကြီးပဲ။ ဒီကြားထဲမှာ သူက ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ၂၀၀၈ ပုံစံမျိုးပဲ သွားမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အထက်ပါ ရွေးကောက်ပွဲ စောင့်ကြည့်သူက ပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီး ၄ နှစ်ကျော်ကြာလာချိန် စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရန် ဆန္ဒရှိနေသော်လည်း တိကျသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ထုတ်မပြနိုင်သေးပေ။

    “ဒီနိုင်ငံရေးအခြေအနေအရရော၊ သဘာဝဘေးကြောင့်ရော မဖြစ်မနေ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ဟာမျိုးကတော့ ကျွန်တော်တို့ ၂၀၀၈ နာဂစ်တုန်းကလည်း ဒီလိုမျိုးအဖြစ်မျိုး ကြုံခဲ့သေးတယ်လေ။ အဲဒီနာဂစ်ကာလမှာလည်း မဖြစ် ဖြစ်အောင်လုပ်သွားတော့လည်း ဖြစ်သွားတော့တာပဲပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ ယူဆချက်ကတော့ဗျာ နိုင်ငံအေးချမ်းသာယာပြီးမှ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာတော့ အကောင်းဆုံးနည်းလမ်းပေါ့ဗျာ။ ဒီကြားထဲမှာ မဖြစ်မနေလုပ်ခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့က မဖြစ်မနေ ပါဝင်ယှဉ်ပြိုင်ရမယ့်သဘောရှိတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို မကြိုက်လို့ ဒီတိုင်းမှေးနေရင် စစ်အစိုးရ သက်ဆိုးရှည်နေမှာလေ။ အဲ့တာကြောင့်မို့ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ဝင်ပါမှာပဲ တိုင်းရင်းသားအနေနဲ့” ဟု နိုင်မျိုးတင့်လွင်က မှတ်ချက်ပြုသည်။

    လက်ရှိတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိကြောင်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ ကနဦးထုတ်ပြန်ချက်များအရ နိုင်ငံတစ်ဝန်း တည်ငြိမ်သည့် နေရာများကို ရွေးချယ်ပြီး မဲဆန္ဒနယ် ၁၀၀ ကျော်ခန့်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟုလည်း ကနဦး ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,900SubscribersSubscribe
    spot_img

    Latest posts