Friday, May 1, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦး ယနေ့ မတ်လ ၂၇ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

    ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ တိုးချဲ့ကွက်သစ်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးစိုးမင်းဦး ဆိုသူသည် ၎င်း၏နေအိမ် အောက်ထပ်တွင် ရှိနေစဉ် ဆိုင်ကယ်တစ်စီးနှင့် လူ နှစ်ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမင်းဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ဦးစိုးမင်းဦးက သူ့အိမ်အောက်ထပ်က ကွပ်ပစ်ပေါ်မှာ ထိုင်နေတဲ့အချိန်မှာ လူတစ်ယောက် အိမ်ထဲဝင်လာပြီး သေနတ်နဲ့ ပစ်သွားတာပါ။ ပြီးတော့ အပြင်မှာ အသင့်စောင့်နေတဲ့ ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတယ်” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

    ဦးစိုးမင်းဦးသည် ကျိုက္ကသာကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။

    ဦးစိုးမင်းဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး၊ ဦးစိုးမင်းဦး၏ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ခမိတ်ကျေးရွာနှင့် ကြာဖြူကျေးရွာကြား ရန်ကုန် – မော်လမြိုင်ကားလမ်းဘေး ရော်ဘာခြံအနီးတွင် ကျိုက်ထိုမြို့နယ်၊ အထူးစုံစမ်းစစ်ဆေးရေး (စစစ) အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဒုတိယစုံစမ်းစစ်ဆေးရေးမှူးမင်းသူနှင့် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး မျိုးသန့်တို့ ၂ ဦး သေဆုံးပြီး၊ စုံစမ်းရေးမှူး သူရစိုးဆိုသူသည် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks