သင်္ကြန်ပွဲတော်ကာလ အလုပ်ပိတ်ရက်များတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယားနှင့် လာအိုမှ ရွှေ့ပြောင်းအလုပ်သမားများကို ဗီဇာအဝင်အထွက် တုံးထုစရာမလိုဘဲ နေရပ်ပြန်နိုင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၁ ရက်နေ့က တရားဝင်ထုတ်ပြန်ထားသည်။
ဗီဇာအဝင်အထွက် တုံးထုစရာမလိုသည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတ်မှတ်ချက်သည် လာမည့် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိသာဖြစ်ပြီး၊ သတ်မှတ်ရက်ကျော်လွန် ပြန်ဝင်လာသူများသည် ယခင် သတ်မှတ်ချက်အတိုင်း တုံးထုရမည်ဖြစ်သည်။
ထိုင်းဘက်က ဗီဇာအဝင်အထွက် တုံးထုစရာမလိုဘဲ ပြန်နိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ နေရပ်သို့ အလည်အပတ် ပြန်သင့်သလားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် နေရပ်သို့ အလည်အပတ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် စိုးရိမ်စရာ အခင်းအကျင်းများ၊ ကန့်သတ်ချက်များက စောင့်ကြိုနေခြင်းကြောင့် ဖြစ်သည်။
စစ်ကောင်စီ၏ ကန့်သတ်ချက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေ၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပ ထွက်ခွာသူ များလာသည့်အပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ အစုအပြုံလိုက် ထွက်ခွာလာကြသည်။
ထိုသို့ ပြည်ပထွက်ခွာသူ များပြာလာသည့်အခြေအနေကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်လာကာ ပြည်ပအလုပ်သမားသက်သေခံကဒ် (OWIC) ထုတ်ပေးခြင်းကိုလည်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ ပိတ်ပင်လိုက်သည်။
OWIC ကဒ်သည် ပြည်ပသို့ ထွက်ခွာရာတွင် အရေးကြီးသည့် အထောက်အထားကဒ်တစ်ခုဖြစ်သည့်အတွက် အဆိုပါကဒ် မထုတ်ပေးခြင်းကလည်း အလုပ်သမားများအတွက် အခက်အခဲတစ်ခုဖြစ်လာသည်။
သို့သော် ထိုင်းဘက်က သင်္ကြန်ကာလ အလည်ပြန်သူများကို ဗီဇာကင်းလွတ်ခွင့်ပေးမည်ဟု ထုတ်ပြန်လာပြီးနောက် စစ်ကောင်စီဘက်ကလည်း OWIC ကဒ် ပြန်ထုတ်ပေးမည်ဟု ပြန်လည်ကြေညာလာခဲ့သည်။
စစ်ကောင်စီက OWIC ကဒ် ပြန်ထုတ်ပေးပြီး အထောက်အထား အပြည့်အစုံရှိသည့်တိုင်အောင် စစ်ကောင်စီ၏ ထောက်ခံချက်ရမှ ပြည်ပထွက်ခွာခွင့်ရတော့မည့်အခြေအနေ ရှိနေသည်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကလည်း အေဂျင်စီများကို မကြာခဏ ခေါ်ယူတွေ့ဆုံကာ ပြည်ပအလုပ်လုပ်ကိုင်ခွင့်ကို တစ်ရစ်ချင်း တင်းကြပ်လာနေသည်ဟု အေဂျင်စီများထံမှ သိရသည်။
“အခုလည်း OWIC ကဒ်ကိုပြန်ဖွင့်ပြီသာပြောတာ ကျွန်တော်တို့ မနေ့က သွားတင်ထားတယ်။ မလုပ်ပေးသေးဘူး။ သူတို့က ရုံးဖွင့်တယ်လို့သာ အထက်က ကြေညာနေတာ၊ ပြောနေတာ အောက်မှာ ဘာမှ မလုပ်ပေးနေဘူး။ ကျွန်တော်တို့ဘက်က ကြည့်ရင် ဒါက နစ်နာမှုတွေ ဆုံးရှုံးမှုတွေရှိတယ်။ တစ်ယောက်မသွားရရင် အဲဒီတစ်ယောက်အတွက် သိန်းကို ဆယ်နဲ့ချီ ရှုံးရတယ်” ဟု ရန်ကုန်မြို့ရှိ အေဂျင်စီတစ်ခုက ပြောသည်။
လက်ရှိတွင် ပြည်ပထွက်ခွာရန် စောင့်ဆိုင်းနေသည့် အလုပ်သမား ၄၀၀၀၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီဘက်က အလုပ်သမားစေလွှတ်ရေးနှင့်ပတ်သက်ပြီး ရေရာသည့် သတ်မှတ်ချက် မပေးကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းပြင် ဂျပန်နှင့် စင်္ကာပူနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ အလည်အပတ်ပြန်လာသူအချို့လည်း ပိတ်မိလျက်ရှိနေကြောင်း အေဂျင်စီများက ဆိုသည်။
“စလုံးကနေ ခနပြန်လာတာ၊ ဂျပန်ကနေခွင့်ရလို့ ခနပြန်လာတာ အဲ့ဒီလူတွေ ဒီဘက်မှာ တချို့ပိတ်မိနေကြတယ်။ တချို့ဆို အလုပ်တောင် ထွက်ရမလိုဖြစ်နေကြတယ်။ သူတို့ဆို ပြည်ပမှာ အတော်ကြာပြီ။ သူတို့က OWIC လည်းရှိပါတယ်။ ပေးမထွက်ဘူး။ အဓိက အသက်က ၁၈ – ၃၅ အကျုံးဝင်နေတယ်လို့ပြောတယ်” ဟု အေဂျင်စီမှ ပွဲစားတစ်ဦးက ပြောသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများ၏ သဘောထား
“အိမ်ကတော့ပြန်ချင်တာပေါ့။ အခုအချိန် စိုးရိမ်စိတ်က စစ်မှုထမ်းရမယ့်ကိစ္စပဲလေ။ အိမ်ပြန်ချင်ရင်တောင် အိမ်က အမေကတောင် ကိုယ့်ကလေးကို ပြန်မခေါ်ရဲဖြစ်နေကြတဲ့ထိပဲကို။ ထိုင်းကတော့ နှစ်တိုင်းပေးပြန်တာပဲလေ။ ဒီနှစ်ကတော့ အခြေအနေတွေက ကိုယ့်အသက်ကို ဘယ်သူကမှ အာမခံမပေးနိုင်ဘူးဆိုတာ သိသာနေတာပဲကို။ ဘယ်ပြန်ရဲမလဲ” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ စမွတ်စခွန်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၀ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမား မတူးတူးက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၄ သန်းရှိကြောင်း ထိုင်းသတင်းဌာန The Nation ၏ အချက်အလက်အရ သိရသည်။
နှစ်စဉ် သင်္ကြန်ကာလတွင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နေရပ်ပြန်ကြလေ့ရှိသော်လည်း ယခုနှစ်တွင် မပြန်ဖြစ်ကြကြောင်း အလုပ်သမား ဆယ်ဦးခန့်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ မေးမြန်းချက်အပေါ် တုံ့ပြန်ကြသည်။
“မနှစ်ကပြန်တယ်ဗျ။ မယ်ဆိုင်-တာချီလိတ်က နီးတယ်လေ။ ကားနဲ့လဲအလွယ်တကူဝင်လို့ရတော့ ပြန်ဖြစ်တယ်။ ဒီနှစ်တော့ မပြန်ဖြစ်လောက်ဘူးဗျ။ ပြန်ရင်တောင် အောက်လမ်းက ပြန်မယ်။ ဒါတောင်မသေချာပါဘူးဗျာ။ အခုက ဂိတ်ဖြတ်ရတာပြဿနာမရှိဘူး။ အထဲရောက်သွားရင် စစ်မှုထမ်းရမှာကိုပဲ စိုးရိမ်ရတာ။ ကျွန်တော်တို့ဘက်ဆိုရင်လည်း တိုက်ပွဲတွေက ဖြစ်နေတော့ အဲ့ကအဖွဲ့တွေကလည်း စစ်သားယူတယ်လေ။ ပြန်လို့မလွယ်ပါဘူးဗျာ” ဟု ထိုင်းရောက် ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိသူတိုင်း စစ်မှုထမ်းရမည့်ဥပဒေကို ပြဌာန်းထားလာပြီးနောက် အဓမ္မ စစ်သားစုဆောင်းသည့် အခြေအနေများ ရှိလာခဲ့သည်။
အထက်ပါအခြေအနေများကြောင့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နေရပ်ပြန် လည်ပတ်ခြင်းမပြုကြရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများက သတိပေးကြသည်။
“အခုလက်ရှိ ကျွန်တော်တို့ပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကတော့ ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုမျိုး အခြေအနေပဲ ဖြစ်ဖြစ်ပေါ့နော် ခါတိုင်းလိုတော့ သင်္ကြန်ကို ပြန်လည်တာတို့ မိဘဆီ ပြန်တွေ့တာတို့က ကျွန်တော်ထင်တယ် မလုပ်သင့်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ပြန်လာကြလို့ရှိရင်လည်း ထိုင်းတွေကတော့ ဗီဇာခလည်းမလိုဘူး။ကျွန်တော်တို့ Re-entry ခ ငွေကြေးပေးစရာလည်းမလိုဘူး။ဒါပေမဲ့ မြန်မာပြည်ထဲမှာ သွားလာတဲ့အခါကျတော့ အန္တရာယ်အများကြီးရှိနိုင်တယ်။အလုပ်သမားဆိုတာကလည်း အသက် ၁၈ နှစ်ကနေ အထက်ပေါ့ ၃၅ နှစ်ပတ်ဝန်းကျင် အများစုဆိုတော့ သူတို့အတွက် မြန်မာပြည်ပြန်ရင်တော့ စိုးရိမ်ရတယ်။ ကျွန်တော့်အနေနဲ့တော့ ဒါ မပြန်သင့်သေးဘူးလို့ပဲ ပြောချင်တယ်” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။