မွန်ပြည်နယ်တွင် စစ်ကောင်စီမှ ဝါဒဖြန့်နိုင်ရန်အတွက် ငြိမ်းချမ်းစည်ကားနေသဖွယ်ရှိသည့် အထိမ်းအမှတ်အခမ်းအနားများကို မြို့ပေါ်နှင့် တော်လှန်ရေးအဖွဲ့တို့ လှုပ်ရှားမှုနည်းသည့်နေရာတွင် မကြာခဏ ကျင်းပလျှက်ရှိသည်။
စစ်ကောင်စီအဖွဲ့တို့ သတ်မှတ်ပေးထားသည့် မွန်ပြည်နယ်နေ့ (၅၁) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကိုလည်း ပြီးခဲ့သည့် မတ်လ၁၈ နှင့် ၁၉ ရက်နေ့က မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သမိန်ဗရမ်း ဘက်စုံသုံးကွင်း၌ ကျင်းပခဲ့သေးသည်။
သို့သော် အဆိုပါအခမ်းအနားများတွင် စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဖိတ်ကြားခံမွန်အရာရှိများ၊ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များသာ အဓိကပါဝင်ခဲ့ကြပြီး မွန်ပြည်သူလူထုတို့အနည်းစုသာ ပါဝင်ခဲ့ကြောင်း သိရသည်။
ယခင်ကပင် စစ်ကောင်စီတို့ သတ်မှတ်ပေးထားသည့် မွန်ပြည်နယ်နေ့ကို မွန်ပြည်သူလူထုအများစု အသိမှတ်ပြုခြင်းမရှိသည့်အပြင် စစ်အာဏာသိမ်းနောက်ဆက်တွဲအဖြစ်ရင်ဆိုင်နေသည့် လက်နက်ကိုင်တိုက်ပွဲနှင့် စားဝတ်နေရေးအကြပ်အတည်းတို့ကြောင့် စိတ်ပါဝင်စားမှုမရှိနေကြောင်း မွန်ပြည်သူထုအများစု ဝေဖန်ပြောဆိုလျှက်ရှိသည်။

မွန်လူငယ်အမျိုးသားတစ်ဦး
“ဒီမွန်ပြည်နယ်နေ့ကို မွန်ပြည်သူတွေ၊ တချို့နိုင်ငံရေးသမားတွေ၊ သံဃာတော်တွေ၊ CSO အဖွဲ့အစည်းတွေ ထောက်ခံမှုနည်းတယ် စိတ်ဝင်စားမှုနည်းကြတယ်။ အချို့မွန်ခေါင်းဆောင်ပိုင်းတွေက ဖိတ်ကြားခံရလို့သာ အခမ်းအနာကို တက်ရောက်ကြတာ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း မွန်ပြည်နယ်က အေးချမ်းတယ်၊ ပျော်ရွင်ချမ်းမြေ့တယ်၊ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးကောင်းတယ်ဆိုပြီ ပြချင်နေတယ်လို့ဖြစ်မယ်။ တကယ်တော့ ဒီမွန်ပြည်နယ်နေ့က မွန်ပြည်သူတွေ သဘောတူပြီ ဒီရက်ကို သတ်မှတ်ခဲ့ကြတာမှမဟုတ်တာ စစ်ကောင်စီလက်အောက်က သူတွေကပဲ သတ်မှတ်ခဲ့ကြတာလေ”
ပွဲတက်ရောက်ခဲ့သည့် မွန်အမျိုးသမီးတစ်ဦး
“ကျွန်မတို့သွားတုန်ကဆို မနေ့ကပြတိုက်တွေမှာ အခမ်းအနားတွေမှာ လူသွားလာမှုနည်းတယ်။ ပြီးရင် အဲဒီမှာ စစ်သားတွေ ဆယ်ချီမက ရာချီနေရာယူပြီ လုံခြုံရေးယူထားကြတယ်။ ကွင်းထဲကို ရောက်တော့ လူတွေ သိပ်မများဘူး။ စစ်ကောင်စီက ဦးဆောင်ပြီး ဒီမွန်ပြည်နယ်နေ့ကို အသိအမှတ်ပြု ကျင်းပတယ်ဆိုတော့ အခမ်းအနားထဲမှာ မြင်တွေ့နေရတာကတော့ စစ်ကောင်စီဘက်က အရာရှိတွေ သူတို့လူတွေ သူတို့ဝန်ထမ်းတွေ မွန်မှာဆို သူတို့ဖိတ်တဲ့ မွန်ခေါင်းဆောင်တွေ မွန်အရာရှိတွေ အနည်းငယ်ပဲ တက်ရောက်တယ်။ ရပ်ကွက်ထဲက သာမန်မွန်လူငယ်တွေ မွန်ပြည်သူတွေ မရှိသလောက်ပါပဲ။ ကျွန်တော်အမြင်နဲ့ ဆို သူတို့က ကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ပေမဲ့ မွန်ပြည်သူတွေရဲ့ စိတ်ဝင်စာမှုတွေ မတွေ့ရဘူး”
မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦး
” မွန်ပြည်နယ်နေ့ရှိတယ် ဘယ်မှာကျင်းပလဲဆိုတာကို ကျွန်တော်တောင်သတိမထားလိုက်မိလိုက်ဘူး။ သမိန်ဗရမ်း ဘက်စုံသုံးကွင်းမှာ ပွဲတော်တွေ ကုန်စည်ပြပွဲတွေ ကျင်းပနေတယ် လူတွေပြောမှ သိရတယ်။ မေးလိုက်မှ ၅၁ ကြိမ်မြောက်မွန်ပြည်နယ်နေ့ဆိုပြီ သိလိုက်ရတယ်။ ဒီထဲမှာ အများစုက ပွဲတော်ရှိလို့သာ သိကြတာ မဟုတ်ရင် မွန်ပြည်နယ်နေ့ကို သိတောင်သိလိုက်မှာမဟုတ်ဘူး။ ယဉ်ကျေးမှုပြပွဲတွေ၊ ပွဲတော်တွေ၊ ကုန်စည်ပြပွဲတွေ လုပ်တယ်။ ဒါတော့ ကောင်းပါတယ်။ ပွဲတော်တွေလဲ ကျင်းပတယ်။ ဒါပေမဲ့ ပြည်သူတွေ သိပ်အာရုံမရဘူးလို့ မြင်တယ်။ ခုချိန်မှာ နိုင်ငံရေးကလဲမကောင်း ဝမ်းစာရှာတာကလဲ ခက်ခဲနေကြတော့ ဒီလိုနေ့ကို မွန်ပြည်သူတွေ သိပ်အာရုံမစိုက်နေဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့တစ်ဦးတစ်ယောက်တည်း အမြင်နဲ့ဆို ဒီလိုလုပ်သာလုပ်နေတာ မွန်တိုင်းရင်းသားအခွင့်အရေးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ မွန်ပညာရေးစနစ်တွေအသိမှတ်မပြုနိုင်ဆိုရင် မွန်ပြည်နယ်နေ့က မွန်လူမျိုးအားလုံး အသိမှတ်ပြုတဲ့နေ့လို့ ဘယ်တော့မှ မဖြစ်ဘူးလို့ မြင်တယ်” ဟုဆိုသည်။
တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး
“မွန်ပြည်နယ်နေ့က လွန်ခဲ့ ၁၉၇၄ ခုနှစ် စစ်ကောင်စီက မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို အတည်ပြုပြီးနောက်မှာ မွန်ပြည်နယ်နေ့ကို သတ်မှတ်ခဲ့တယ်။ မွန်ပြည်နယ်နေ့နဲ့ ပတ်သတ်ပြီး မွန်ပြည်သူတွေရဲ့ အမြင်ကို တချိန်တုန်းက ကျွန်တော်တို့ ပါလိတဆရာတော်ကလဲ ရေးဖူးတယ်။ မွန်ပြည်နယ်က မွန်ပြည်သူတွေ ဘာအုပ်ချုပ်ခွင့်မှ မရထားဘူး နာမည်ခံအနေနဲ့ပဲရှိတယ်။ တကယ်တော့ မွန်ပြည်နယ်က ဖက်ဒရယ်စနစ်ကို အခြေခံပြီ holding together ပုံစံ၊ coming together Federalism ပုံစံနဲ့ ပေးလာတာမှ မဟုတ်တာ။ ဒါကြောင့် ကျွန်တော်တို့မွန်ပြည်သူတွေမှာ သိပ်အသိအမှတ်ပြုတာ မရှိဘူးပေါ့နော်။ ပြီးရင် ဒီမွန်ပြည်နေ့ကို မွန်ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ မဖန်းတီးပေးနိုင်ဘူးလေ။ မွန်ပြည်နေ့ကို ကျင်းပပြုလုပ်နေတာက မွန်စာပေယဉ်ကျေးမှုတွေ မွန်လူမျိုးတွေ ဂုဏ်သရေတိုးပွားအောင် လုပ်နေတာလဲ မဟုတ်ဘူး။ မွန်ပြည်နယ်က အေးချမ်းသာယာကြောင်း ဝါဒဖြန့်ချင်ယုံသာ ရည်ရွည်ပြီ ပြုလုပ်နေတယ်လို့ ကျွန်တော်မြင်တယ်”