spot_img
Saturday, March 22, 2025
More
    spot_img
    Homeမေးမြန်းချက်"စစ်တပ်အဖွဲ့တွေလည်း နောက်ကလိုက်လာတယ်။ ကျနော်တို့မှာ သေနတ်တွေ အကုန်အပြည့်ပါလာကြတော့ အကယ်လို့ ထိပ်တိုက်တွေ့ဖြစ်ရင် ပြန်ပစ်မယ်လို့ စီစဉ်ထားပြီးသား။ ဒါမဲ့ သူတို့က လူကိုယ်တိုင်နဲ့...

    "စစ်တပ်အဖွဲ့တွေလည်း နောက်ကလိုက်လာတယ်။ ကျနော်တို့မှာ သေနတ်တွေ အကုန်အပြည့်ပါလာကြတော့ အကယ်လို့ ထိပ်တိုက်တွေ့ဖြစ်ရင် ပြန်ပစ်မယ်လို့ စီစဉ်ထားပြီးသား။ ဒါမဲ့ သူတို့က လူကိုယ်တိုင်နဲ့ မလိုက်ဘူး၊ Drone နဲ့လိုက်တာ" စစ်မှုထမ်းတပ်သားဘဝမှ ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူ ချမ်းမွန်

    -

    စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ အပတ်စဉ်(၁)မှစ၍ ပြည်သူတို့ကို ရရာနည်းဖြင့် စစ်မှုထမ်းရန် တရားလက်လွတ်စုဆောင်းလျှက်ရှိရာ စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူ၊ ငွေကြေးဖြင့် သိမ်းသွင်းစုဆောင်းနိုင်သူ၊ ရွေ့ပြောင်းလုပ်သားတို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်တို့ စစ်သင်တန်းသို့ပို့ဆောင်ခံနေရသည်။

    လေ့လာစောင့်ကြည့်ရေးအဖွဲ့တို့၏ အချက်အလက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းအပတ်စဉ်တစ်ခုတွင် လူဦးရေ ၅၀၀၀ နှုန်းဖြင့်စုဆောင်းလျှက်ရှိပြီး မွန်ပြည်နယ်မှ စစ်မှုထမ်းသင်တန်းဆင်းတို့သည် စစ်မြေပြင်သို့ ချက်ချင်း သွားရောက်နေရသည့် အခြေအနေတွင်ရှိနေကြောင်း တွေ့ရသည်။

    ထိုအထဲတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အလည်အပတ်နှင့် ဝင်ရောက်လာသည့် မွန်လူငယ် ချမ်းမွန်ဆိုသူသည် စစ်ကောင်စီအဖွဲ့နှင့် တနသာၤရီတိုင်း ကော့သောင်းဘက်တွင် အဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းဘဝသို့ရောက်ရှိရသည့်အပြင် မွန်-ကရင်နယ်စပ်ကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် အနန်းကွင်းကျေးရွာအနီး ရဲတံခွန်ရွာသို့ ပို့ဆောင်ခံခဲ့ရသည်။

    စစ်ကောင်စီထံ စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မမည်သို့စုဆောင်းခံရပြီး ဒေါနစစ်ကြောင်းထံ လက်နက်ချအလင်းဝင်နိုင်ရန် မည်သို့ ဖြတ်ကျော်ခဲ့ရသည်ကို ဒေါနစစ်ကြောင်း အလင်းဝင်တပ်သား ချမ်းမွန်နှင့် လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းထားသည်။

    မေး။  ။စစ်ကောင်စီတပ်ဖွဲ့ထဲကို ဘယ်လိုရောက်သွားလဲ (စစ်သင်တန်းကို ဘယ်လိုစုဆောင်းခံခဲ့ရတာလဲ)။

    ထိုင်းကနေ ပြန်လာတော့ စစ်ကောင်စီအဖွဲ့တွေနဲ့ ကော့သောင်းမှာ ဖမ်းခံထိတယ်။ မှတ်ပုံတင် မရှိတဲ့အတွက်ကြောင့် ၇ ရက်လောက်ပဲခေါ်ထားမယ်လို့ ပြောတာပေါ့။ ကျနော်က ထိုင်းမှာမွေးတယ်ဆိုတော့ မှတ်ပုံတင်မရှိဘူးလေ ကိုယ့်နိုင်ငံကို အလည်ပြန်လာတာပေါ့ ဒါကလည်း ပထမဆုံးအကြိမ်ပါပဲ။ ၇ ရက်ပြည့်တော့ တပ်တစ်နေရာကို ပို့လိုက်တယ်၊ ပြီးတော့ သင်တန်းသုံးလ တက်ခိုင်းတယ်။ ကိုယ်က စိတ်မပါဘူးလေ ၂၄ နာရီလုံးပဲ အိမ်ပြန်ချင်တဲ့စိတ်ပဲရှိနေတာ။ ဒါပေမဲ့ သူတို့လက်ကနေ ထွက်လာလို့မှမရတာ။

    မေး။  ။စစ်ကောင်စီလက်အောက်ကနေ ဘယ်လိုလွတ်မြောက်လာပြီး ဒေါနစစ်ကြောင်းကို ဘယ်လိုရောက်လာတာလဲ။

     သင်တန်းက ဆင်းလာတော့ အစကကျိုက်ခမီဘက်ကို ပို့ခံရတယ်၊ ပြီးတော့ သံဖြူဇရပ်နားက ရဲတံခွန်ရွာကို ပြောင်းလိုက်တယ်။ ကျနော်တို့အဖွဲ့မှာယ်ချင်း ၇ ယောက်ရှိတယ်လေ။ သူငယ်ချင်းတွေထဲက ဒေါနဘက်နဲ့ အဆက်သွယ်ရှိနေတော့ ဝင်ဖို့စီစဉ်နေကြတာကြာပြီး၊ ပြေးလမ်းရှာဖို့ကမလွယ်ဘူးလေ၊ အချိန်လည်းနည်းနေတယ်။ ထွက်ဖို့သည်းခံပြီး စောင့်နေရင်း စောင့်နေရင်းနဲ့ တစ်ရက်မှာ အခွင့်ကောင်းရတာနဲ့ ဒီဘက်ကိုထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့နေ့ကဆို ဗိုလ်က မြို့တက်သွားတယ်၊ ပြီးတော့ အဲနေ့ကလမ်းမပေါ်မှာ ကျနော်တို့ ၇ ယောက်အဖွဲ့ကို ကင်းပေးစောင့်ခိုင်းတယ်။  အဲနေ့မှာသာ မထွက်ပြေးဘူးဆိုရင် အချိန်က နည်းတာထက် ပိုနည်းသွားမယ်။ အဲ့ကြောင့် ၇ ယောက် ထွက်ပြေးဖို့ သေချာ စီစဉ်ထားပြီးတော့ နေ့လယ်ပိုင်း ထမင်းစားပြီးချိန်မှာ တောဘက်ကိုထွက်လာတယ်၊ မထွက်ပြေးခင် အဲရွာမှာနေတုန်းကလည်း ကိုယ့်ရဲ့မွန်လူမျိုးတွေကို အမြဲမေးခဲ့တယ်၊ ဒီဘက်လမ်းသွားရင် ဘယ်ရွာရောက်မလဲ၊ ဒီဘက်လမ်းသွားမယ်ဆို သူတို့လိုက်ရဲလား မလိုက်ရဲလား အမြဲသတင်းမေးခဲ့တယ်။  လမ်းမှာတော့စောင့်ရတာမကြာဘူး ၁ နာရီခွဲ၊ ၂ နာရီလောက်ပဲ စောင့်ရတယ်။ ပြီးတော့ သိပ်ပြီးတော့လည်း စိတ်မပူရဘူး ဒီဘက်နဲ့ဆက်သွယ်ထားပြီးပြီးဆိုတော့၊ ဒေါနဘက်ကလည်း  ကြိုပြောထားတာရှိတယ် သူတို့လာကြိုမယ်ဆိုရင် လက်နက်တွေကို မကိုင်ထားနဲ့ လွယ်ပဲလွယ်ထားလို့ မှာထားတယ်။ စစ်တပ်အဖွဲ့တွေလည်း နောက်ကနေလိုက်တယ်။ သေနတ်တွေဘာတွေရော အကုန်ပြည့်ပါလာကြတော့ အကယ်လို့ ထိပ်တိုက်တွေ့ကြရင် ပြန်ပစ်မယ်လို့လည်း စီစဉ်ထားပြီးသား။ ဒါမဲ့ သူတို့တွေက လူကိုယ်တိုင်နဲ့ မလိုက်ဘူး၊ Drone နဲ့လိုက်တာ။ ဒီဘက်ကလူတွေလည်း လာကြိုတာမြန်တော့ လွတ်သွားတယ်။ ဒီဘက်က ဒေါနကလူတွေကိုလည်း အမြဲကျေးဇူးတင်နေပါတယ်လို့။

    မေး။   ။စစ်မှုထမ်းသင်တန်းမှာ ဘာတွေသင်ပေးတာရှိလဲ၊ သင်တန်းမှာ မွန်လူငယ်တွေ ဘယ်လောက်အထိ ပါဝင်တက်ရောက်နေတာတွေ့ရလဲ။

    စစ်တပ်တွေက သေနပ်တွေ လက်နက်တွေကို ဘယ်လိုတပ်ဆင်ရမလဲဆိုတာတွေ အကုန်သင်ပေးတယ်။ ဖုန်းတွေက သူတို့ အကုန် သိမ်းလိုက်တယ်၊ မိဘတွေနဲ့ အဆက်သွယ်မရဘူး။ အဲဒီထွက်ပြေးလာတဲ့နေ့ကပဲ သူတို့တွေ ဖုန်းပေးထားတော့ ဒီဘက်ကလူတွေနဲ့ အဆက်သွယ်ရတယ်ပေါ့။ အဲမှာတော့  မွန်လူမျိုး ၇ ယောက် ၈ ယောက်လောက်ရှိတယ်။ မွန်လူမျိုးတွေအချင်းချင်းဆိုရင် သူတို့တွေ အတူတူမပေးနေဘူး။ မွန်လူမျိုးတစ်ယောက်ဆိုရင် တစ်နေရာဆီ သူတို့ထားထားတယ်၊ သူတို့ မပေးစုကြဘူး အဲလိုဖြစ်နေတယ်။ ကိုယ်နေခဲ့တဲ့ နေရာကလည်း ကိုယ်တစ်ယောက်ပဲ မွန်ဖြစ်တယ်။ 

    မေး။  ။စစ်သင်တန်းကျောင်းက အတွေ့အကြုံ၊ အမှတ်တရဖြစ်ရပ်လေးတွေ ပြောပြပေးပါ။

    ရော်ဘာခြစ်ခိုင်းတယ်၊ ကင်းစောင့်ခိုင်းတယ်၊ ကျင်းတွေဘာတွေ တူးရတယ်၊ ရေတွေခပ်ရတယ် ရှိသမျှအလုပ်တွေခိုင်းတယ်။ သူတို့တွေ မပေးနားဘူး၊ နားချိန်မရှိဘူး။ ကိုယ်က နည်းနည်းမှားတာနဲ့ ရိုက်တယ်၊ နှိပ်စက်တယ်။

    မေး။  ။ ဒေါနစစ်ကြောင်းထဲကို အလင်းဝင်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ၊ ဒီကိုရောက်ဖို့အတွက် လမ်းခရီးမှာ ဘာတွေအခက်ခဲရှိခဲ့တာလဲ

    ဗမာစစ်တပ်တွေကို စိတ်နာတယ်။ သူတို့တွေ လက်နက်ကိုင်ထားပြီးတော့ ဒေသခံပြည်သူတွေကို နှိပ်စက်တာများတယ် အဲလိုဖြစ်နေတယ်။ အဲကြောင့် အခုဒီဘက်စစ်ကြောင်းကိုဝင်ပြီး ကိုယ်လုပ်နိုင်သလောက် ကိုယ့်ရဲ့ မွန်ဒေသတွေကို ပြန်ယူမယ်၊ ပြန်တိုက်မယ်။ ထိုင်းကိုတော့ ပြန်မသွားသေးဘူး၊ ဒီတိုက်ပွဲထဲကို ပြန်ဝင်မယ်။ မွန်တပ်ဖွဲ့ ဘယ်နှစ်ဖွဲ့ရှိနေတာကို မသိခဲ့ဘူး၊ သူငယ်ချင်းတွေပဲ ဒီဘက်နဲ့ အဆက်သွယ်လုပ်ထားပေးတော့ ဒီဘက်အဖွဲ့ကို ဝင်ရောက်လာတယ်။ အမှန်တကယ်တော့ ကိုယ်ရဲ့မွန်တပ်ဖွဲ့တွေဆို ပိုတောင်ကောင်းတာပေါ့။ ပြီးတော့အခုနေနေတဲ့ ဒီအဖွဲ့မှာလည်း ကောင်းပါတယ်။ နေထိုင်တာရော စားတာရော အရာရာအဆင်ပြေချောမွေ့ပါတယ်။ 

    မေး။    ။ သင်တန်းအတူတူတက်ရောက်ခဲ့တဲ့ ကျန်တဲ့သူတွေကိုရော ဘာတွေမှာချင်တာရှိလဲ။

    ဘာမှလဲ ဝမ်းမနည်းပါတယ်။ တစ်နေ့ကျရင် ကျန်ခဲ့တဲ့မွန်လူမျိုးနဲ့ သူငယ်ချင်းတွေကို ပြန်ထွက်နိုင်ဖို့၊ လွတ်မြောက်ဖို့ကို  ပြန်ခေါ်ထုတ်လာပါ့မယ်လို့ အခုဆိုလည်း ကျနော်တို့မှာ အားလုံးနီးပါး ပြည့်စုံနေပြီး အသင့်ဖြစ်နေပါပြီး။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,600SubscribersSubscribe
    spot_img

    Latest posts