စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများမှ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနိုင်သွားမှာဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ သင်ဇာရွှန်းလဲ့ရည်က ပြောသည်။

မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF)၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး ကော်မတီ (ASECC) ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဖြစ်ပြီးတော့ သူတို့က သူတို့လူတွေ လဲလိုက်နိုင်ပေါ့၊ လဲလိုက်နိုင်တယ်ဆိုရင် အကောင်းဆုံးဥပမာက ဘာလဲဆိုတော့ မင်းအောင်လှိုင်အပါအဝင် အခု ICC အာဂျင်တီးနားမှာ ဝရမ်းထုတ်ခံထားရတဲ့သူတွေက အလိုအလျှောက် တရားဝင်မှု ရသွားမယ်၊ သမ္မတပြန်လုပ်မယ့်သူတွေ ဖြစ်မယ်၊ ပြီးရင် ကျူးလွန်ခဲ့တဲ့သူတွေက ဘာဖြစ်သွားမလဲဆိုရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရတယ်။ အလွယ်တကူ ယူနီဖောင်းလဲပြီးတော့ သမ္မတ တက်လုပ်ကြမယ်၊ အဲဒီနောက်ဆက်တွဲမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် အကြီးအကျယ် ဖြစ်မယ်၊ ဒါမှ ကျမတို့ ပြည်သူနဲ့ မျိုးဆက်တွေ အားလုံးအတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရစေမယ့် ကိစ္စဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းထားသော်လည်း ရွေးကောက်ပွဲ ကျင်းပလိုက်ခြင်းအားဖြင့် နိုင်ငံတကာကို တော်လှန်ရေးအင်အားစုများက သူပုန်များ၊ ငြိမ်းချမ်းရေးကို မလိုလားသောသူများ စသဖြင့် ပုံဖော်လာနိုင်ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်၊ ရုရှား နှင့် အိမ်နီးချင်းတိုင်းပြည်များကလည်း ထောက်ခံနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံမှာ ကျင်းပလာသည့် ရွေးကောက်ပွဲများတွင် အဆိုးရွားဆုံး အနေအထား ရောက်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
ဦးမျိုးကျော် “ပုံစံအရပေါ့ဗျာ၊ အဆိုးရွားဆုံး ကျနော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ ကျင်းပလာတဲ့ ရွေးကောက်ပွဲထဲမှာ စံမမှီဆုံး အနေအထားရောက်မယ်၊ အခုက ပြည်သူတွေ မဲပေးမယ်ဆိုတဲ့ အနေအထားမှာလည်း ဓါးမိုးပြီးတော့ သေနတ်ထောက်ပြီးတော့ မဲပေးခိုင်းမယ်ဆိုတဲ့ အခင်းအကျင်း ဖြစ်တယ်” ဟု ပြောသည်။
ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များသည် နယ်မြေအလိုက် အာဏာရရှိရေး တည်ဆောက်နေခြင်းကြောင်း စစ်ပွဲ ဆက်တိုက်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောကြားထားသည်။
မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတွင် ယခင်ကတည်းက အုပ်ချုပ်ရေးပုံစံများ ရှိခဲ့ကြောင်း၊ မိမိတို့ နယ်မြေတွင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပါက မည်သည့်ကိစ္စရပ်များ ဖြစ်ပွားလာမလဲဆိုတာ အာမခံပေး၍ မရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
“ကျနော်လို့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ နယ်မြေလည်းရှိတယ်။ လူထုလည်း ရှိတယ်။ ကိုယ့်တပ်တွေလည်း ရှိတယ်။ နောက်ပြီးတော့ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ အုပ်ချုပ်ရေး လုပ်ငန်းလည်း ရှိတယ်၊ တကယ့်အစိုးရပဲ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အစိုးရလို့ မခေါ်တာ တစ်ခုပဲ ရှိတယ်။ တကယ့်အစိုးရပုံစံလုပ်ငန်းတွေလည်း အကုန်လုံး လည်ပတ်နေတယ်။ ဒါ့အပြင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်တို့ ခေါင်းဆောင်တွေ ကျနော်တို့ တာဝန်ရှိသူတွေကို ရွေးချယ်တဲ့အခါမှာ ရွေးကောက်ပွဲ လုပ်သွားတာပဲ” ဟု ပြောသည်။
မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပ၍ ဖြစ်ပွားလာသော ကိစ္စရပ်များအား တာဝန်ယူမှာ မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောကြားထားသလို တော်လှန်ရေး အင်အားစုများလည်း ဆန့်ကျင်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။