spot_img
Saturday, March 22, 2025
More
    spot_img
    Homeသတင်းလောင်းကစားမြို့အဖြစ် အသွင်ပြောင်းလာနေသည့် ဘုရားသုံးဆူမြို့

    လောင်းကစားမြို့အဖြစ် အသွင်ပြောင်းလာနေသည့် ဘုရားသုံးဆူမြို့

    -

    ရှမ်းပြည်နယ်အတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများ ဆက်တိုက် ဖမ်းဆီးမှုများ ပိုမိုဖြစ်ပွားလာခြင်းနှင့်အတူ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများသည် ထိုင်းနယ်စပ်များအထိ ရွေ့ပြောင်း လုပ်ကိုင်ခဲ့ကြသည်။

    ထိုင်း-မြန်မာနယ်စပ် တာချီလိတ်၊ မြဝတီ၊ ရွှေကုက္ကိုလ်အပါအဝင် ဘုရားသုံးဆူအထိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများ တဖြည်းဖြည်း ဝင်ရောက်လာခဲ့ကြသည်။

    ဘုရားသုံးဆူမြို့ကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသားများ အနည်းငယ်သာ ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၇ ထောင်နီးပါး ဝင်ရောက်လာခဲ့သည်ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။

    “လက်ရှိအနေအထားမှာတော့ ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ၂၃မှာ (၂၀၂၃) ကတည်းက တရုတ်တွေက နည်းနည်းပါးပါး အခြေချလာတယ်၊ ဘုရားသုံးဆူ နယ်စပ်မှာပေါ့လေ၊ ၂၄ မှာ (၂၀၂၄) လောက်မှာ ဘုရားသုံးဆူကို တရုတ်လူဦးရေ ၅ ထောင်ကျောင် ၇ ထောင်နီးပါး ရောက်လာတယ်၊ ဒီနှစ်စမှာ ဇန်နဝါရီ ၂၆ နေ့ကတည်းမှာပဲ ရွှေကုက္ကိုလ်၊ မြဝတီကနေပြီးတော့ တရုတ် ၄၀၀ လောက် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး လမ်းကနေပြီးတော့ ပြန်ပြီး ထပ်ဝင်လာတာ ရှိတယ်လေ” ဟု ပြောသည်။

    လက်ရှိ ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသားများ ဝင်ရောက်လာပြီးနောက် အိမ်ခန်း၊ တိုက်ခန်းများကို ဈေးအဆမတန် ပေး၍ ငှားရမ်းမှုများကြောင့် ရွေ့ပြောင်းလုပ်သားများအတွက် လက်လှမ်းမမှီနိုင်သော အခြေအနေတွင် ဖြစ်လာကြောင်း ၎င်းက ဆက်ပြောသည်။

    ထိုင်း-မြန်မာနယ်စပ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများ တည်ရှိရာ မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူမှ နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်မှ စတင်ပြီး ထိုင်းက လျှပ်စစ်မီးများ စတင်ဖြတ်တောက် လိုက်သည်။

    ယင်းမတိုင်ခင် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့နယ်အတွင်း ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်မှုများအတွက် ထိထိရောက်ရောက် အရေးယူရန် ထိုင်းအာဏာပိုင်တွေကို ထိုင်းဝန်ကြီးချုပ်က ညွန်ကြားခဲ့သည်။

    ဘုရားသုံးဆူ ဒေသခံတစ်ဦးက “အဲဒီမှာ (ဘုရားသုံးဆူ) သူတို့က(တရုတ်) ဟန်ပြအနေနဲ့ ဘာတွေ လုပ်ထားသလဲဆိုရင် စားသောက်ဆိုင်တို့ ဘာတို့ ဖွင့်ထားတယ်။ စားသောက်ဆိုင်ရဲ့ နောက်ကွယ်ပေါ့ သူတို့ အပေါ်ထပ်တွေဆိုရင် ဘယ်သူ့ကိုမှ တက်ခွင့်မပေးဘူး။ အဲဒီမှာ သူတို့ အွန်လိုင်းဂိမ်းတွေ လုပ်တာပေါ့၊ ကျားဖြန့်ပေါ့နော်” ဟု ပြောသည်။

    မြဝတီ၊ ရွှေကုက္ကိုလ်မှ ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူသို့ ရောက်ရှိလာခြင်းမှာ ဘုရားသုံးဆူသည် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား မရှိသောသလို ထိုင်းအာဏာပိုင်များက ဖိအားပေး၍ ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

    မြဝတီ၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ကရင်အမျိုးသား တပ်မ‌တော် (KNA) ဟု အမည်ပြောင်းထားသော KNA နှင့် စစ်ကောင်စီတို့က ခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။

    အလားတူ ဘုရားသုံးဆူမြို့ကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) က ထိန်းချုပ်ထားပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းများကို ခွင့်ပြုထားခြင်း ဖြစ်နိုင်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကူအညီ မပါဘဲ ရပ်တည်၍ မရကြောင်း ဒေသခံများက ပြောသည်။

    အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ DKBA မှ ဗိုလ်မှူးကြီး စောကျော်သက်ဌေးထံ လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ဖုန်းဆက်သွယ်ခဲ့ရာ DKBA မှ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ရန် ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ DKBA မှ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဆက်သွယ်ရာ လက်ခံဖြေကြားခြင်း မရှိပေ။

    ကျားဖြန့်အရေးနှင့် ပတ်သက်၍ တရုတ် တောင်းဆိုလာပါက မည်သည့်အဖွဲ့အစည်းမဆို ပေးရမှာ ဖြစ်သည့်အတွက် ကျားဖြန့်လုပ်ငန်းကို လက်ခံနိုင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “တကယ်လို့ ကျားဖြန့်ကို ဒေသခံအဖွဲ့အစည်းက လက်ခံထားမယ်ဆိုရင်တော့ ကျမကြည့်တယ် သူတို့ သိပ်တော့ လက်ခံထားရဲမယ် မထင်ဘူး။ တရုတ်က ဖိဖိစီးစီးလုပ်ထားရင် သိပ်တော့ လက်ခံထားရဲမယ် မထင်ဘူး။ ဒေသခံအဖွဲ့အစည်းတွေက တရုတ်တောင်းတဲ့အတိုင်း ပေးလိုက်ရလိမ့်မယ် ထင်တယ်။ ဥပမာအားဖြင့် KNU ဖက်က ဦးစောချစ်သူတို့အဖွဲ့ ကိုယ့်အဖွဲ့နဲ့ကိုယ် သူတို့ လွတ်လွတ်လပ်လပ် နေပြီးတော့ လွတ်လွတ်လပ်လပ် တည်ဆောက်မယ် ထင်ပါတယ် ကြည့်ရတာ၊ အဲဒါဆိုလည်း ကောင်းတာပဲလေ စစ်ကောင်စီကနေပြီးတော့ လွတ်ပြီးတော့ သူ့ဒေသလေး သူတည်ဆောက်မှာပေါ့။ ကျားဖြန့်လုပ်ငန်း၊ မှောင်ခို လုပ်ငန်းတို့ မလုပ်ဘဲနဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်လာရမှာပေါ့” ဟု ပြောသည်။

    မိမိတို့အဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာမှ တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာသံရုံးနှင့်အတူ နိုင်ငံတကာသံရုံးများမှ တောင်းခံလာပါက ရှာဖွေသွားမည်ဟု DKBA က ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ခဲ့သည်။

    ဘုရားသုံးဆူသည်လည်း မြဝတီ၊ ရွှေကုက္ကိုလ်၊ KK Park တို့လို နာမည်ဆိုးဖြင့် ကျော်ကြားလာရန် ရှိနေကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။

    “သွားမယ့်ပုံစံက ကျနော်တို့ ဒီမြဝတီတို့ ရွှေကုက္ကိုလ်တို့ KK Park တို့လိုမျိုး တရုတ်တွေက လက်နက်တွေ ဘာတွေ တရားဝင်ရောင်းဝယ်တယ်၊ သူတို့ကို ခေါ်တဲ့ လက်နက်ကိုင်တွေက သူတို့ကို လုံခြုံရေးပေးပေါ့၊ သူတို့ကတော့ သူတို့ ငှားယူထားတဲ့ မြေနေရာတွေပေါ်မှာ ကြိုက်တာလုပ်ပေါ့။ သူတို့လုပ်ချင်တာ သူတို့လုပ်ပေါ့နော်၊ ဒီလက်နက်ကိုင်တွေရဲ့ အကာအကွယ်နဲ့ လုပ်ချင်တာ လုပ်ပေါ့၊ သူတို့လုပ်တဲ့ အလုပ်တွေလည်း အားလုံး သိနေပြီးသားပဲ။ အဲဒီအခြေအနေက ပိုပြီးရှုပ်ထွေးပြီးတော့မှ ဒီအတိုင်းပဲ နာမည်ဆိုးနဲ့ ကျော်ကြားလာဖို့တော့ ရှိတယ်၊ အဲဒီဘုရားသုံးဆူကလေ မြဝတီဖက်ခြမ်းလိုပဲ” ဟု ပြောသည်။

    စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား မရှိသောသည့် ဘုရားသုံးဆူမြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ၎င်းတို့၏ အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ KNU အနေဖြင့် ကျားဖြန့်အပါအဝင် တခြားသော လောင်းကစားကိစ္စရပ်များကို လက်ခံခြင်းမရှိသော်လည်း အောက်ခြေဒေသခံ အုပ်ချုပ်ရေး အဖွဲ့များက DKBA ၏ လုပ်ဆောင်ချက်ကို လျစ်လျူရှုနေကြောင်း ဒေသခံများက ပြောသည်။

    အဆိုပါ တရုတ်နိုင်ငံသားများ ဈေးဝယ်ခြင်း၊ အပြင်သွားလာခြင်း စသောကိစ္စရပ်များကို DKBA တပ်ဖွဲ့များက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ပေးနေကြောင်း၊ တရုတ်များကို ပစ္စတိုကိုင်ဆောင်ခွင့်ပါ ပေးထားကြောင်း ဒေသများက ဆိုသည်။

    ဘုရားသုံးဆူ နယ်စပ်ဒေသသည် ယခင် ၁၉၈၈ မတိုင်ခင်ကတည်းက မွန်၊ ကရင်များ၏ လက်အောက်တွင် သာယာဝပြောခဲ့ကြောင်း၊ ၁၉၉၀ တွင် ဘုရားသုံးဆူကို နိုင်ငံတော်က မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၂ မှာ မြို့ဖြစ်ခဲ့ကြောင်း၊ ယင်းအချိန်တွင် စီးပွားရေး လုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ဆိုသည်။

    လက်ရှိတွင် ဘုရားသုံးဆူမြို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းအပါအဝင် တခြားသော လောင်းကစားလုပ်ငန်း အများအပြား ရောက်ရှိခဲ့သည့်အတွက် မြို့ခံလူထုများ၊ ရွေ့ပြောင်းလုပ်သားများ၏ လူနေမှုအဆင့်အတန်း၊ အကျင့်စာရိတ္တများပါ ပျက်ပြားလာနိုင်သည်ဟုဆိုကာ ဒေသခံများက စိုးရိမ်လျက်ရှိသည်။

    အလားတူ တရုတ်၏ လက်ဝါးကြီးအုပ်မှု၊ ချယ်လှယ်မှုများသည်လည်း ပိုမိုဖြစ်ပေါ်လာသလို ကျားဖြန့်လုပ်ငန်းအပါအဝင် အွန်လိုင်းလောင်းကစားများ မြဝတီမြို့ကို ရောက်ရှိလာပြီးနောက် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ ဓါးမြမှုများက များပြားလာပြီး တရားခံများလည်း ဖမ်းဆီးရမိခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

    ဘုရားသုံးဆူ ဒေသခံတစ်ဦးက “ဒေသခံတွေအနေနဲ့ စိုးရိမ်စရာဆိုတာက ဘာလဲဆိုရင် နောက်ဆိုရင် ကျနော်တို့ နယ်စပ်ဒေသရဲ့ ဘုရားသုံးဆူမြို့လေးဟာ တိုင်းရင်းသားမြို့ကနေ တရုတ်တွေမြို့ဖြစ်သွားမှာကို သူတို့က တော်တော်လေး စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,600SubscribersSubscribe
    spot_img

    Latest posts