မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံရွာတံတားအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့တို့ ယနေ့မနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ရာမှ နာရီဝက်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

စစ်ကောင်စီအဖွဲ့တို့ အင်အားမြောက်အများရှိနေသည့် အဆိုပါစစ်ဆေးရေးဂိတ်တွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် နှစ်ဖက်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ၇ နာရီတွင် အခြေအနေပြန်လည်ငြိမ်သက်ခဲ့ကြောင်း နှင်းစုံဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ အဲ့နေရာမှာဆို စစ်ကောင်စီနဲ့ ကရင်အဖွဲ့တွေပေါင်းထားတာ အာယုတောင်ကနေလာရင် နှင်းစုံမရောက်ခင် တံတားကြီးနေရာမှာ စစ်ကောင်စီအဖွဲ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေကဝင်တိုက်တယ်၊ စစ်ကောင်စီဘက်က အင်အားအများကြီးပဲ ဘယ်လောက်လဲတော့မသိဘူး” ဟု အမျိူးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အာယုတောင်လမ်းဝရှိ စစ်ကောင်စီ ခမရ ၃၄၃မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရွာအပြင်တွင်ကျရောက်ပေါက်ကွဲခဲ့သည်။
“ ရွာသူရွာသားတွေကတော့ မပြေးကြတော့ဘူး ဒီတခါ ဘာလိုဆို ခနခနဖြစ်နေတယ်ဆိုတော့ နေသားကျနေပြီး မပြေးကြတော့ဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုကြောင့် နှင်းစုံကျေးရွာ ရေး-သံဖြူဖရပ်လမ်းပိုင်းကို ခေတ္တပိတ်ထားခဲ့ရပြီး မွန်းလွဲပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြသည်ဟု ဒေသခံမှ သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသည့်အပြင် လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ နှင်းစုံတံတားအနီး စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မိုးတွင်းကာလတွင် စစ်ကောင်စီအဖွဲ့တို့က စတင်ဖွင့်လှစ်တပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံနှင့် ခရီးသွားများကို ဖုန်းနှင့်ဆိုင်ကယ် စစ်ဆေးမှု လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီအဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း သိရသည်။
နှင်းစုံရွာသည် သံဖြူဇရပ်-ရေး လမ်းမကြီးဘေးတွင်ရှိပြီး စစ်ကောင်စီတပ်တို့ ရွာအတွင်းကင်းလှည့်သွားလာခြင်း၊ ဂိတ်ဖွင့်တပ်စွဲခြင်းတို့ လုပ်ဆောင်လေ့ရှိသည်။
ထို့အပြင် ရေး-သံဖြူဇရပ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီအဖွဲတို့ အင်အားတိုးချဲ့ကာ တပ်စွဲနေထိုင်မှု ပိုမိုလုပ်ဆောင်လာပြီး ဒေသခံနှင့် ခရီးသွားတို့လည်း စစ်ဆေးတင်းကြပ်ခံနေရကြောင်း သိရသည်။