မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာတွင် ဓားပြခြိမ်းခြောက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မောင်အောင်ကျော်နိုင်နှင့် ၎င်း၏တူဖြစ်သူ အသက် ၉ နှစ်ကလေးနှင့်အတူ အရုတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားချိန် ဆက်သွယ်ကျေးရွာ သင်္ချိုင်းကုန်းအရောက်တွင် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ခြံသွားလမ်းမှ ထွက်လာပြီး ဓားပြခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
“သူနဲ့ သူ့တူလေးက သင်္ဃန်းကျွန်းရွာကနေ အာရုတောင်ကို အိုင်ကြီးဆိုင်ကယ်နဲ့ နှစ်ယောက်သား သွားကြတယ်။ ဆက်သွယ်သင်္ချိုင်းကုန်အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ ခြံကနေ ထွက်လာပြီး ဆိုင်ကယ်ကို လုတာ။ အဲလူနှစ်ယောက်က မွန်စကားပဲ ပြောတယ်။ သူတို့က ဆိုင်ကယ်ကို အတင်းဆွဲလှဲပြီး ဓားနဲ့ ခုတ်ဟန်လုပ်ပြီး ဆိုင်ကယ်ကို လုယူသွားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဆိုင်ကယ်လုယက်သွားသည့် အမျိုးသားနှစ်ဦးသည် အသက် ၃၀ ဝန်းကျင်နှင့် အသက် ၂၂ အရွယ်ဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ခိုးဆိုးလုယက်မှုဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည့်အပြင် လက်နက်ဖြင့် ခြိမ်းခြောက်ပြီး လုယက်သည့်ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလို လုယက်မှုတွေက ခဏခဏ ဖြစ်နေတယ်လို့လည်း ပြောလို့ရတယ်။ ဒီလိုလုယက်မှုအပြင် သတ်ဖြတ်မှုတွေ၊ ခိုးမှုတွေလည်း ခဏခဏပါပဲ။ ဒါပေမဲ့ သက်ဆိုင်ရာကို သွားတိုင်ကြပြီးရင် ဖမ်းမိရတယ်ဆိုတာ တစ်ခါမှ မကြားမိဘူး။ လုယက်တဲ့လူတွေကလည်း ဘယ်သူဘယ်ဝါးမှန်းကို မသိဘူး။ ကြာလေ ဆိုးလေပဲ” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကလည်း ရေးမြို့နယ်၊ လမိုင်းမြို့ရှိ “ယုဇန” အာမခံရွှေရတနာဆိုင်ကို အမည်မသိသေနတ်သမားတို့က လက်နက်ဖြင့် ခြိမ်းခြောက်ပြီး လုယက်မှု ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယနေ့ချိန်အထိ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။