အမြင်သုံးသပ်ချက်၊ ရေးသားသူ – နေသူရိန်။
မိမိတို့၏လူမျိုး လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အခွင့်အရေးများ ရရှိရန်အတွက် အာဏာရှင်စစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်နေကြသည့် မွန်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတမ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ဖွဲ့တို့က တစ်ကွဲတပြားစီ အာဏာရှင်စစ်အစိုးရကို တော်လှန်နေခြင်းမှ “ရာမညပူးတွဲစစ်ကြောင်း” ဖြင့် စုပေါင်းတိုက်ပွဲဝင်သွားမည်ဟု တရားဝင်ထုတ်ဖော်လိုက်သည့်အပေါ်တွင် မွန်လူထူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာရှင် မင်းအောင်လှိုင်က နိုင်ငံတော်၏ အာဏာကို သိမ်းယူလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ကြေညာလိုက်သည့်အချိန်မှစ၍ MSDF နှင့် MSRF တို့သည် စစ်အစိုးရကို တော်လှန်သော မွန်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်လာခဲ့သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားသော မွန်တစ်မျိုးသားလုံး၏ အားကိုးရာဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP ၏ ခေါင်းဆောင်ပိုင်းတစ်ချို့နှင့် စစ်အာဏာရှင်ကို တော်လှန်လိုသည့် တပ်မှူး၊ တပ်သားများက ၂၀၂၄ နှစ်ဦးပိုင်းတွင် အာဏာရှင်စစ်အစိုးရ၏ မတရားမှုများကို တရားသောစစ်ဖြင့် လက်နက်စွဲကိုင် တော်လှန်မည်ဟူသော ဆုံးဖြတ်ချက်နှင့်အတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD အမည်ဖြင့် မွန်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ပေါ်ထွန်းလာခဲ့သည်။
ထို့အတူ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) သည်လည်း မွန်ပြည်သူလူထုကြား မွန်လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် မိုးကျရွှေကိုလို ပေါ်ထွန်းလာခဲ့ပြီး အာဏာရှင်စစ်အစိုးရကို တိုက်ခိုက်လာခဲ့သည်ကိုလည်း ကြားသိရသည်။
MLA သည် ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA) ၏ အားပေးမှု၊ စစ်ပညာသင်တန်းများ ပို့ချပေးမှုနှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းလိုသော မွန်လူငယ်လူရွယ်အများအပြားနှင့်အတူ မွန်ပြည်လွတ်လပ်ရေးတပ်တော်ဟူသောအမည်ဖြင့် ရပ်တည်လာခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP–AD သည် ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့၊ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။
NMSP–AD ၏ စစ်ရေးလှုပ်ရှားမှုအတွင်း မွန်ပြည်သူတို့၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း မွန်လူထုတို့၏ အပြုံးမပျက် အားပေးမှုကိုလည်း ရရှိခဲ့သည်။
ထို့အတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ပိုင်း၊ မြောက်ပိုင်းများတွင်လည်း မွန်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် MSRF၊ MSDF တို့က စစ်ကောင်စီ၏ တပ်စခန်းများကို တိုက်ခိုက်ချေမှုန်းကာ အောင်ပွဲများ ရယူခဲ့သည်ကိုလည်း ကြားသိနေရသည်။
မွန်ပြည်သူလူထုတို့၏ အားကိုးရာ မိခင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) သည် ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးမတိုင်ခင်ကာလတွင်လည်း အမျိုးသားလွတ်မြောက်ရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင်၍ တိုက်ပွဲဝင်ခဲ့သည်။
အပစ်အခတ်ရပ်စဲပြီးကာလတွင် မွန်လူမျိုးတို့အတွက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခဲ့သော်လည်း အောင်မြင်ပြည့်စုံသော အဖြေမျိုးကို မရရှိခဲ့ပေ။
သို့သော်လည်း မွန်ပြည်သစ်ပါတီသည် မိမိတို့၏ ပြည်နယ် မိမိတို့၏ လူမျိုးလွတ်မြောက်ရေးအတွက် မဆုတ်မနင်းသော ဇွဲဖြင့် နိုင်ငံရေးဘောင်အတွင်းမှ ကြိုးစားနေဆဲပင်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန် တိုက်ပွဲဝင်နေကြသည့် မွန်လက်နက်ကိုင်အဖွဲ့များနှင့်လည်း ပဋိပက္ခပြဿနာ တစ်စုံတရာမရှိပဲ ပိုနေမြဲ ကျားနေမြဲအတိုင်းသာ မိမိတို့၏ ယုံကြည်ရာကို ဆက်လက်၍ လျှောက်လှမ်းနေဆဲ ဖြစ်သည်ကိုလည်း ရှုမြင်သုံးသပ်မိပါသည်။
မွန်လူမျိုးတို့၏ ကံကြမ္မာကို မွန်လူမျိုးများကသာ ဖန်တီးနိုင်ရေးအတွက် ကြိုးစားနေကြသည့် မွန်ရဟန်းသံဃာတော်များ၊ မွန်အနုပညာရှင်များ၊ မွန်လူငယ်များ၊ ပြည်တွင်း ပြည်ပမွန်များ၊ နိုင်ငံရေးပါတီများ၊ ပြည်ပရောက်မွန်လူ့အဖွဲ့အစည်းများနှင့် မွန်လူမျိုးများအတွက် အားကိုးအားထားရာ ဖြစ်လာမည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ ပေါ်ပေါက်လာခြင်းသည်လည်း မွန်လူမျိုးများ၏ အနာဂတ် ရောင်နီသန်းလာခြင်းဖြစ်သည်ဟုလည်း ထင်မြင်သုံးသပ်မိသည်။
ပြည်ပရောက် မွန်အဖွဲ့အစည်းများ၊ မွန်လူမျိုးများသည်လည်း လက်နက်ကိုင်တော်လှန်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ကြခြင်းမရှိသော်လည်း ပူးပေါင်းပါဝင်ကူညီသည့်အနေဖြင့် တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ပစ္စည်းကိရိယာများ ငွေကြေးများကို အားတက်သရော ပါဝင်ကူညီးနေကြသည်ကိုလည်း ကြားသိရသည်မှာ အမျိုးချစ်သော မွန်လူမျိုးများအတွက် ဂုဏ်ယူစရာလည်းဖြစ်၍နေပေသည်။
မိမိတို့၏လူမျိုး အဖိနှိပ်ခံ အနှိမ်ခံဘဝမှ လွတ်မြောက်နိုင်ရေး အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် တောထဲ တောင်ထဲတွင် အနေအထိုင် အစားအသောက်ကအစ ဆင်းရဲအပင်ပမ်းခံကာ အာဏာရှင်စစ်အစိုးရကို တွန်းလှန်တိုက်ခိုက်နေကြသည့် မွန်မျိုးချစ် လက်နက်ကိုင် ရဲဘော် ရဲမေများ၏ ဘဝများကိုလည်း စာနာမိသလို ၎င်းတို့၏ အမျိုးချစ်သော စိတ်ဓါတ်ကိုလည်း များစွာ ဂုဏ်ယူလေးစားမိပါသည်။
ယုံကြည်မှု၊ ဇွဲလုံ့လ ဝီရိယနှင့် လျှောက်လှမ်းနေကြသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ၎င်းတို့လျှောက်လှမ်းနေကြသည့် ပန်းတိုင်သို့ အောင်မြင်မှုနှင့်အတူ မလွှဲမသွေ ရောက်ရှိမည်ဟုလည်း ယုံကြည်မိပါသည်။
အုပ်တစ်ချပ်တည်းဖြင့် အဆောက်အဦးတည်ဆောက်၍ မရသော်လည်း ယခုကဲ့သို့ အုတ်အချပ်ပေါင်းများစွာ ဖြစ်လာမည့် မွန်လက်နက်ကိုင်တပ်ဖွဲ့များ တစ်စုတစ်စည်းတည်းနှင့် ဖြစ်ပေါ်လာခြင်း မွန်ရဟန်းသံဃာများ မွန်လူငယ်အဖွဲ့အစည်းများ၊ မွန်လူ့ဘောင်အဖွဲ့အစည်းများ၊ ပြည်ပရောက်မွန်လူမျိုးများ၏ ပါဝင်လာမှုများကြောင့် အုပ်အချပ်ရာပေါင်း မြောက်များစွာ ဖြစ်ပေါ်လာခြင်းသည် မွန်လူမျိုးတို့၏ အနာဂတ်အတွက် ခိုင်ခန့်သော အုတ်မြစ်နှင့် အဆောက်အဦးကိုလည်း ဆောက်နိုင်တော့မည်ဖြစ်သည်နှင့်အညီ စုစည်းပေါင်းဖွဲ့လာသည့် ရွှေဟင်္သာတို့၏ တောင်ပံခတ်သံများကိုလည်း ကြားနေရပြီးဖြစ်ကြောင်း သုံသပ်တင်ပြလိုက်ရပါသည်။