စစ်ကောင်စီ ကျင်းပမည့် ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့အကြို တေးဂီတဖျော်ဖြေပွဲတွင် ဝါရင့်မွန်အဆိုတော်များ ပါဝင်ဖျော်သည့်အပေါ် ဝေဖန်ခံနေရသည်။

၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သံစဉ်ချိုမြ ရာမညအလှ” တေးတီတဖျော်ဖြေပွဲ အစီအစဉ်တစ်ခုကို ဇန်နဝါရီ ၂၄ ရက်နေ့( သောကြာနေ့) ည ၉ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။
“သံစဉ်ချိုမြ ရာမညအလှ” တေးဂီတဖျော်ဖြေပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြုအနေဖြင့် မွန်အမျိုးသား၊ အမျိုးသမီး ဝါရင့်တေးသံရှင် ၉ ဦး ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။
စစ်ကောင်စီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီစဉ်တွင် ဝါရင့်မွန်အဆိုတော်များ ပါဝင်ဖျော်ဖြေမည့်အပေါ် မွန်တော်လှန်ရေးအသိုင်းအဝိုင်းနှင့် မွန်ပြည်သူလူထုများအကြား ဝေဖန်ပြောဆိုမှု မြင့်တက်လာခဲ့သည်။
မွန်ပြည်သူလူထုက တော်လှန်ရေးအပေါ် အာရုံစူးစိုက်လာနေချိန်တွင် သွေးကွဲစေမည့်အရေး မလုပ်သင့်ကြောင်း၊ စစ်ကောင်စီ၏ မည်သည့်ဖိတ်ကြားပွဲမျိုးကိုမှ မပါဝင်သင့်ကြောင်း ပြည်ပရောက် မွန်အဆိုတော်တစ်ဦးက ပြောသည်။
“ဒါတွေက ကျနော်တို့ လူမျိုးရေးအတွက် အမြင်တွေ၊ သွေးကွဲစရာတွေ အများကြီးဖြစ်လာစေတယ်။ ဒီအချိန်မှာ ကျနော်တို့ ဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာ သိသင့်တယ်။ ဥပမာ လှေတစ်စီးမှာ အတူတူလှော်လာကြတယ်။ လှော်တဲ့လူက လှော်၊ မလှော်တဲ့လူက ခြေထောက်ပါရေထဲချထားတယ်ဆိုတော့ မဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။
မွန်နိုင်ငံရေးတွင် မွန်လူမျိုးအချင်းချင်း အမြင်မတူမှုရှိနေခြင်းသည် တော်လှန်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ဝိုင်းဝန်းအဖြေရှာသင့်ကြောင်းလည်း မွန်အဆိုတော်က ဆက်ပြောသည်။
စစ်ကောင်စီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီစဉ်တွင် ပါဝင်ဖျော်ဖြေခြင်းသည် ဖိတ်ကြားသည့်အတွက် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြောဆိုဝေဖန်မှုရှိနေသည့်အပေါ် တစုံတရာတုန့်ပြန်ပြောကြားလိုခြင်းမရှိကြောင်း “သံစဉ်ချိုမြ ရာမညအလှ” တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သည့် ဝါရင့်မွန်အဆိုတော်တစ်ဦးက ပြောသည်။
“ဒီအပေါ်မှာ ကျနော်တို့ ဘာမှ ပြန်လည်ချေပ မပြောလိုပါဘူး။ ပြောလည်း မပြောပါဘူး။ ဒါပေမဲ့ ကျနော်တို့က အဆိုတော်ဖြစ်တဲ့အတွက် သီချင်းဆိုပွဲလုပ်လို့ ဘယ်သူပဲ လာဖိတ်ဖိတ်၊ ဘုန်းကြီးပဲ ဖိတ်ဖိတ်၊ ကျနော်တို့ကို သီချင်းဆိုစေချင်လို့ အခကြေးငွေနဲ့ဖြစ်စေ၊ အကူအညီလိုလို့ဖြစ်စေ၊ သွားရတာပဲ။ အဲဒီမှာ ပြောလာတဲ့အပေါ် ဘယ်သူ့ကိုမှ ကျနော်တို့ တုန့်ပြန် မပြောဖူးဘူး ပြောဖို့လည်း မလိုဘူး။ အကုန်လုံးက ကိုယ့်အမြင်နဲ့ကိုယ် လွတ်လွတ်လပ်လပ်ပြောခွင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
“သံစဉ်ချိုမြ ရာမညအလှ” တေးဂီတအစီစဉ်တွင် လူမျိုးရေး၊ ဘာသာရေးအပြင် မွန်ဒေသအကအလှနှင့် သက်ဆိုင်သည့် သံစဉ်တို့ဖြင့် သီဆိုဖျော်သွားမည်ဟုလည်း သိရသည်။
စစ်ကောင်စီ ကျင်းပမည့် ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့အကြိုအစီအစဉ်အတွက် ယခုရက်ပိုင်းတွင် ဖျော်ဖြေရေးအပြင်၊ ဈေးရောင်းပွဲတော်၊ စာပေပွဲတော် အားကစားပွဲတော်များ ကျင်းပလျှက်ရှိပြီး မွန်အနုပညာရှင်အချို့တို့က မွန်လူမျိုးကိုယ်စားပြုအနေဖြင့် နှစ်စဉ် ပါဝင်ဖျော်ဖြေလေ့ရှိသည်။