မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီအဖွဲ့က အိမ်ထောင်စုစာရင်းမိတ္တူ လိုက်လံကောက်ခံနေသည့်အပေါ် မြို့ခံများ စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။

အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးရန်နှင့် မဲစာရင်းပြုစုရန်အတွက်ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်ထောင်စုစာရင်း မိတ္တူများ ယခုရက်ပိုင်းအတွင်း လိုက်လံကောက်ယူနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ထံမှ သိရသည်။
“အိမ်ထောင်စု တစ်စုကို အိမ်ထောင်စုစာရင်း မိတ္တူ ၂ စောင် ကောက်ရပါတယ်။ တစ်စောင်က လဝက အတွက်၊ နောက်တစ်စောင်က ထွေ/အုပ်အတွက်” ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုလို အိမ်ထောင်စုစာရင်း မိတ္တူများ လိုက်လံကောက်ယူနေသည့်အပေါ် စစ်မှုထမ်း အကျုံးဝင်သူများ အရေအတွက်ကို အသေးစိတ်စိစစ်ခြင်းလည်း ဖြစ်နိုင်သည့်အတွက် မြို့ခံများ စိုးရိမ်မကင်းဖြစ်နေကြသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
“သူတို့ပြောတာကတော့ သေစာရင်း၊ မွေးစာရင်း ထပ်ဖြည့်တာတွေ လုပ်ဖို့တဲ့ ဒါပေမဲ့ စစ်မှုထမ်းမဲ့ကိစ္စလား၊ မဲစာရင်းကိစ္စလား စိုးရိမ်နေရတယ်။ ကျမတို့ မော်လမြိုင်မှာ ညဘက် အပြင်မထွက်ရဲကြဘူး။ ပေါ်တာဆွဲခံရမှာစိုးလို့ အချို့ရပ်ကွက်တွေမှာ ညဘက် ဧည့်စာရင်းအကြောင်းပြပြီးတော့ ဝင်နေတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
စစ်ကောင်စီက မော်လမြိုင်မြို့ပေါ် ရပ်ကွက်များအားလုံးကို အိမ်ထောင်စုစာရင်း မိတ္တူ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မော်လမြိုင်မြို့တွင် စစ်ကောင်စီက ည ၁၀ နာရီနောက်ပိုင်း ဧည့်စာရင်း ဝင်စစ်ဆေးနေပြီး၊ မသင်္ကာသူများကို ဖမ်းဆီးခေါ်ဆောင်နေသည့်အပြင် ဇာတ်ပွဲများ၊ လောင်းကစားဝိုင်းများ သွင်းပြီးတော့လည်း လူဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။