မွန်ပြည်နယ်တောင်ပိုင်းဒေသတွင် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာရာမှ လတ်တလောတွင် တောင်ပိုင်းဒေသ၏ အပြင်းထန်ဆုံးတိုက်ပွဲလို့ ပြောလို့ရသည့် တိုက်ပွဲသည် ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် ပြင်းထန်လျက်ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းသည့် မွန်ပြည်နယ်တောင်ပိုင်း သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာမှ တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
ရေးအခြေစိုက် စကခ – ၁၉ နှင့် ၄ မိုင်ခန့်အကွာရှိ ကျုံလောင်းကျေးရွာအနီးတဝိုက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီလက်အောက်ခံတပ်နှင့် မွန်၊ ကရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တော်လှန်ရေးအင်အားစုတို့ ဇန်နဝါရီလ ၉ ရက်နေ့မှစပြီး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
နှစ်ဖက် စစ်ရေးအခြေအနေသည် ဇန်နဝါရီလ တတိယအပတ်ထိ ဆက်လက်တင်းမာနေပြီး စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းမှတဆင့် စစ်အင်အားများ တိုးချဲ့ထားပြီး တိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာ အနီးပတ်ဝန်းကျင်တွင် ဝင်ရောက်တပ်ဖြန့်ထားသည်။
တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီက မြေပြင်တွင် စစ်အင်အားအလုံအရင်းဖြင့် စစ်ရေးအရှိန်တိုးမြှင့်ထားသည့်အပြင် လေကြောင်းဖြင့် တိုက်ခိုက်တာ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်တာကိုလည်း အဆက်မပြတ် ပြုလုပ်နေသည်။
စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့လာပြီး ဆက်လက်ထိုးစစ်ဆင်လာပါက တောင်ပိုင်းဒေသတွင်း တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာနိုင်သည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
“ရေးတောင်ဘက်ရော မြောက်ဘက်ရော တိုက်ပွဲဖြစ်လာနိုင်တယ်။ ရေးမြောက်ပိုင်းမှာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်မယ်။ မော့ကနင်နဲ့ သံဖြူဇရပ်ကြားမှာ စကစဘက်က အင်အားတိုးချဲ့လာမယ်၊ စစ်ကြောင်းထိုးလာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်မယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က အင်အားတွေများလာမယ်ဆိုရင် ရေးမြောက်ပိုင်း မော့ကနင်နဲ့ ရေးကြားမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနိုင်မယ်။ ရေးတောင်ပိုင်းမှာကျတော့ စကစက ခေါဇာမှာပဲ ရှိတယ်။ အဲဘက်က ဝင်ထွက်သွားလာဖို့ကလည်း ခက်တော့ အဲဘက်မှာ ငြိမ်းချမ်းနေအုံးမယ် ပြောလို့ရတယ်။ ဒါပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲဆိုတာတော့ မသိနိုင်ဘူး။ နောက်တခုက ပင်လယ်ဘက်ပေါ့ အခုဆိုရင် စကစက ရေလမ်းကြောင်းအသုံးပြုလာတယ်။ ရေတောင်ပိုင်း အစင်ကမ်းရိုးတန်းဘက်က စကစရဲ့ အဓိက ရေလမ်းအသုံးပြုတဲ့နေရာဖြစ်လာတယ်။ အဲနေရာသာ တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ဆင်ရေးလုပ်လာမယ်ဆိုရင် ဖာလိန်ဒေသဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ ကျောင်းရွာဘက်မှာတော့ တိုက်ပွဲ ဆက်ဖြစ်လာဖို့ပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းရွာမှာ ရှိတဲ့ ၅၈၃၊ ၅၉၁၊ ၂၉၉ တို့က ပေါင်းပြီးတော့ အခု တိုက်ပွဲဖြစ်နေတဲ့ ကျုံလောင်းဘက်မှာ စစ်ကြောင်းထိုးနေတယ်။ နောက် ကျောင်းရွာတောင်ဘက် လိပ်ပုတ်တို့ မွန်ရွာတွေ ကရင်ရွာတွေဘက် တိုက်ပွဲ ပြင်းထန်လာနိုင်တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
တဘက်တွင်လည်း မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA )၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး ( NMSP-AD )၊ မွန်ပြည်ကာကွယ်ရေးတပ် ( MSDF ) နှင့် မွန်ပြည်တော်လှန်ရေးတပ် ( MSRF )တို့ ပူးပေါင်းပြီး “ရာမညပူးတွဲစစ်ကြောင်း” တစ်ခုကို ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည်။
“မွန်တပ်တော်” တစ်ခု ပေါ်ထွန်းရေးကို မွန်တော်လှန်ရေးတပ်ဖွဲ့ MSRF၊ MSDF၊ MNLA-AD နှင့် MLA တို့က ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက သဘောတူထားကြပြီး ယခု ဖွဲ့စည်းလိုက်သည့် “ရာမညပူးတွဲစစ်ကြောင်း” သည် မွန်တပ်တော်ဖွဲ့စည်းရေး၏ ပထမခြေလှမ်းဖြစ်သည်။
စစ်ရေးလှုပ်ရှားမှုများကို ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” ဖြင့် Chain of Command (CoC) အမိန့်ပေး ကွပ်ကဲမှုအောက်တွင် အတူတကွ တိုက်ပွဲဝင်သွားမည်ဟု ရာမညပူးတွဲစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
“ရာမညပူးတွဲစစ်ကြောင်းက အဖွဲ့တစ်ဖွဲ့ချင်းစီက တပ်အင်အားတွေ ပူးပေါင်းပြီးတော့ စစ်ရေးဦးဆောင်တဲ့ စစ်ဆင်ရေးမှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူးတွေ ထားပြီး ကွပ်ကဲသွားမယ်။ အတူနေ အတူတိုက်မယ်။ အရင်လို သီးခြားနေ၊ သီးခြားတိုက်ခိုက်တာ မဟုတ်တော့ဘူး။ တစ်မိန့်တစ်ခုတည်းအောက်မှာ chain of comment အောက်မှာ သွားမယ်။ စစ်ရေးဖော်ဆောင်သွားမယ်” ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
တောင်ပိုင်းဘက်ကို စစ်ကောင်စီက အလုံးအရင်းဖြင့် အင်အားဖြည့်တင်းထားသလို တဘက်တွင်လည်း မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဆိုသည့်အတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သည့်အရိပ်အယောင်တွေ့နေရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
“တိုက်ပွဲက ဒီထက် ပိုပြင်းထန်လာဖို့ပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၃၀၀ ဝန်းကျင်လောက် ထပ်ဖြည့်ထားတယ်။ မွန်တပ်ဖွဲ့ လေးဖွဲ့ကလည်း အမိန့်တစ်ခုတည်းဖြစ်သွားပြီး။ လက်နက်ကိုင် စစ်ဆင်ရေးတွေက ဘယ်နေရာ ဘယ်ဒေသမှာမဆို ဖြစ်လာနိုင်တယ်။ မွန်ပြည်နယ်က သူတို့(စကစ) ထိန်းနိုင်တဲ့ပြည်နယ်လို့ သူတို့ သတ်မှတ်ထားတယ်။ မွန်တော်လှန်ရေးတပ်နဲ့ ပတ်သက်ပြီး သူတို့က ရင်ဆိုင်ရမယ်။ တိုက်ပွဲတွေ ပြင်းထန်လာရင် ပြည်သူတွေပဲ အထိနာမယ်” ဟု နိုင်အဲမွန်က ပြောသည်။
ရာမညပူးတွဲစစ်ကြောင်း မဖွဲ့စည်းခင်ကတည်းကပင် မွန်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်းမှာ အပြင်းထန်ဆုံး စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိသည်။
ရေးမြို့နယ် ဂျုံလောင်းရွာဘက်က ပူးပေါင်းတပ်တွေ စစ်မျက်နာချဲ့လိုက်ပြီးတဲ့။ ဂျုံလောင်းတစ်နေရာတည်းတိုက်မည့်သဘောမဟုတ်တော့ပဲ အခြားဒေသတွေမှာလည်း တိုက်ပွဲဖော်သွားမည့်အနေအထားရှိတယ်တဲ့။
တဘက်တွင်လည်း တချို့ကလည်း တောင်ပိုင်းဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်သည့်အလားအလာမတွေ့ရသေးဘူးလို့ ဆိုသည်။
စုစည်းမှုအားကောင်းလာသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့က ရေးအခြေစိုက် စစ်ကောင်စီ စကခ-၁၉ ကို ဦးတည်တိုက်ခိုက်လာနိုင်သည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အခြေအနေရှိသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
သို့သော် တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သော်လည်း မြို့သိမ်း၊ စခန်းသိမ်းနိုင်သည်ထိ ပြင်းထန်လာနိုင်သည့်အခြေအနေ မရှိသေးဘူးလို့လည်း ဒေသတွင်း နိုင်ငံရေးအကဲခတ်သူတို့က သုံးသပ်ထားသည်။
“ရေးဘက်မှာဆို MSRF၊ AD၊ PDF ၊ ဒေါနတို့ ပူးပေါင်းပြီး တိုက်နေတာရှိတယ်။ အဓိက ဒီပွဲတွေမှာ ကရင်မပါရင် စစ်ရေးအခြေအနေ လက်နက်ကိုင်တိုက်ပွဲအခြေအနေတွေက ဒီထက်ပိုပြီး မပြင်းထန်နိုင်ဘူး။ နောက်တစ်ခုက AD က ဦးမဆောင်ဘူး။ မလှုပ်ရှားဘူးဆိုရင် ဒီလိုပဲ ဆက်သွားနေမယ်။ စစ်ရေးအခြေအနေတွေက ကြီးကြီးမားမား ပြင်းထန်လာဖို့ ရှိမယ်မထင်ဘူး။ ဒီအတိုင်းပဲသွားနေမှာပဲလို့ ကျွန်တော်မြင်တယ်” ဟု ဒေသတွင်း နိုင်ငံရေးအကဲခတ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် စကခ – ၁၉ နှင့် ၄ မိုင်ခန့်သာ အကွာအဝေးရှိ ကျုံလောင်းရွာအနီးတဝိုက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များအပါအဝင် တပ်အင်အား ၃၀၀ ဝန်းကျင်ခန့် တပ်ဖြန့်ထားပြီး တိုက်ပွဲအတွက် အသင့်အနေအထားဖြင့် ပြင်ဆင်ထားသည်။