မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်း၊ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် စျေးဆိုင်အချို့လည်း ပျက်စီးသွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည်အချိန်ခန့်က စစ်ကောင်စီ အမြှောက်တပ် ၃၁၀ တပ်ရင်းမှ လက်နက်ကြီး ၈၁ မမဖြင့် ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း ဓာတ်တိုင်ထိရာမှ ဘေးနားရှိ ခြုံများ မီးကူးစက်ပြီး တောမီးတောက်လောင်ခဲ့သည်ဟု ဆိုသည်။
ယင်းနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင်လည်း စစ်ကောင်စီက Drone ဖြင့် ဗုန်းသီးကြဲချခဲ့သေးကြောင်း Drone ဖြင့် ဗုံးသီးကြဲချမှုကြောင့် စစ်ကွင်ရွာရှိ ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးသွားခဲ့သည်။
အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည်ကလည်း ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောနှင့် တဂေးချောင်းဖျားရွာကြား အာရှလမ်းပေါ်တွင် စစ်ကောင်စီတပ် အင်အား ၃၀ ခန့် ရောက်ရှိလာပြီး drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ် drone ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကရဝေးဆိပ်ကျေးရွာအဝင်လမ်းနှင့် အာရှလမ်းဒေါင့်ရှိ ဦးရွှေဆိုသူ နေအိမ်ရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးရွှေသည် ထိခိုက်ဒဏ်ရာရရှိပြီး အိမ်နှင့် ဈေးဆိုင်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကလည်း ဘီးလင်းမြို့နယ်၊ ကစယ်ဖိုးကျေးရွာထဲကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးသီး နှစ်လုံး လာရောက်ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံး ဗုံးစထိမှန် ပျက်စီးခဲ့သည်။




