Homeသတင်းတနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၃၄၀ ဦးထက်မနည်း ဖမ်းဆီးခံရ

တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၃၄၀ ဦးထက်မနည်း ဖမ်းဆီးခံရ

-

တနင်္သာရီတိုင်းဒေသကြီးတွင်၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးမှုနှင့် ပဋိပက္ခဖြစ်ပွားမှုများသည့် မြို့နယ်၊ ကျေးရွာတို့တွင် အရပ်သား ၃၄၀ ဦးထက်မနည်းဖမ်းဆီးခံရသည်ဟု FE5 Tanintharyi ၏ အစီအရင်ခံစာအရ သိရသည်။

ဒီဇင်ဘာလလယ်ခန့်မှစပြီး တနင်္သာရီတိုင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့တွင် စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှု ဆက်တိုက်ရှိနေသည်ဟု လောင်းလုံးမြို့နယ်မှ သတင်းအရင်းအမြစ်တို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာလ တစ်လအတွင်း အရပ်သားဖမ်းဆီးခံရမှု ၂၀၈ ဦးရှိခဲ့သော်လည်း ဒီဇင်ဘာလတွင် အတင်းအဓမ္မစစ်မှူးထမ်းရန်နှင့် စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နေမှုကြောင့် အရပ်သား ဖမ်းဆီးခံရသူ သိသိသာသာ တိုးလာနေသည်။

လောင်းလုံးမြို့နယ်မှ သတင်းအရင်းအမြစ်တစ်ဦးက “အခုဆို နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ပုလောဘက်ဆို အဖမ်းခံရတာများတယ်။ သူတို့စစ်ကြောင်းနဲ့ တိုးမိပြီးတော့ တွေ့ရာလူ အဖမ်းခံရတာပဲ။ အခြားဒေသဘက်ရောက်မှ ပြန်လွတ်လာတဲ့သူရှိတယ်။ စခန်းဘက်ကို ခေါ်သွားတာတော့ မတွေ့ရဘူး။ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသားတွေပဲ ခေါ်ခံရတာများတယ်။ လူငယ်ဆို သူတို့ ရှောင်တိမ်းလို့ လွယ်တယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရသူများသည် ထားဝယ်ခရိုင်မှ ၉၀ ဦး၊ မြိတ်ခရိုင်မှ ၁၁၀ ဦးနှင့် ကော့သောင်းခရိုင်မှ ၁၄၀ ဦး ပါဝင်ပြီး ၎င်းအနက် ၁၀၇ ဦး ပြန်လွတ်မြောက်လာပြီး ၅ ဦးသေဆုံးမှုရှိခဲ့ကြောင်း FE5 Tanintharyi အစီအရင်ခံစာတွင် ရေးသားထားသည်။

စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်းအပြင် နောက်ပိုင်း မြို့ပေါ်အထိ ဖမ်းဆီးမှုများရှိလာကြောင်းလည်း FE5 Tanintharyi တာဝန်ခံ ကပြောသည်။

“မြို့ပေါ်တွေမှာလည်း ဖမ်းဆီးမှုတွေများလာတာတွေ့ရတယ်။ ဒါ့အပြင် စစ်ကြောင်း ထိုးရာလမ်းတစ်လျှောက်မှာ မသင်္ကာဘူးထင်ရင် ဖမ်းဆီးရိုက်နှက်တာ၊ သတ်ဖြတ်တာမျိုးတွေလည်း ရှိတယ်။ ဒါကြောင့် ဒေသခံတွေက စစ်ကြောင်းထိုးသံကြားရင် စစ်ဘေးရှောင်ထွက်ပြေးကြတယ်။ တွေ့ရင် ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံ ရတာတွေကြောင့် ဘယ်သူမှ မနေရဲကြဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ လက်ချက်ဖြင့်လည်း ထားဝယ်ခရိုင်တွင် ဖမ်းဆီးခံရသူ ၁၆ ဦးရှိပြီး၊ ၁ ဦး သတ်ဖြတ်ခံရကြောင်း၊ မြိတ်ခရိုင်တွင် ၇ ဦး ဖမ်းဆီးခံရသည်ဟု အစီရင်ခံက ဆိုထားသည်။

၎င်းပြင် ကော့သောင်းခရိုင်တွင်လည်း ကော်သူးလေးတပ်တော် KTLA မှ ရွာသားအများအပြားကို ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းလည်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ဒေသခံပြည်သူများ ၆၅၈၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

၎င်းပြင် ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားမှု တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာသဖြင့် ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဒီဇင်ဘာလအတွင်း ပိုမိုကျူးလွန်ခံနေရကြောင်း မွန်ပြည် လူသားချင်းစာနာမှုကွန်ရက်အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts