spot_img
Wednesday, January 15, 2025
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် ရေးမြို့နယ်အတွင်းက ကျောင်းသား ၄၀၀ ကျော် ကျောင်းမတက်နိုင်

    တိုက်ပွဲကြောင့် ရေးမြို့နယ်အတွင်းက ကျောင်းသား ၄၀၀ ကျော် ကျောင်းမတက်နိုင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကျုံလောင်းနှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ စာသင်ကျောင်း ၅ ကျောင်းခန့် ပိတ်ထားရပြီး ကျောင်းသား/သူ ၄၀၀ ကျော် ကျောင်းမတက်နိုင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကျုံလောင်းရွာဟောင်းဘက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိချောင်းကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း ၂ ကျောင်းနှင့် ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင်ကျေးရွာတို့မှ မွန်အမျိုးသား မူလတန်းကျောင်း ၃ ကျောင်းတို့က ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ပိတ်ထားရသည်ဟု ကျောင်းတာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရသည်။

    အဆိုပါ စာသင်ကျောင်း ၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်တို့သည် မိဘဖြစ်သူတို့နှင့်အတူ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ကျောင်းဆရာ ဆရာမတို့ကလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း မွန်အမျိုးသားကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

    “တကယ်တော့ ကျောင်းက ပိတ်ချင်လို့ ပိတ်တာမဟုတ်ဘူး။ လက်နက်ကြီးတွေက ဝယ်ဇင်နဲ့ ဝယ်ပေါင် အနီးတွေမှာ ဆက်တိုက်ကျနေတယ်။ ကျောင်းသားမိဘတွေက သားသမီးတွေကို လာခေါ်ကြတယ်။ ကျောင်းတက်တဲ့ကလေး မရှိတဲ့အထိ ဖြစ်တယ်။ ကျောင်းဆရာတွေလည်း မရှိတော့ ကျောင်းကို ပိတ်ထားရတယ် ”ဟု အထက်ပါ ကျောင်းဆရာမ ဆိုသည်။

    လာမည့် ဖေဖော်ဝါရီလအတွင်းလည်း နှစ်ဆုံး အတန်းတင်စာမေးပွဲကျင်းပရမည်ဖြစ်ပြီး လက်ရှိစစ်ဘေးရှောင်နေရသည့်အပေါ် ပညာရေးပိုင်း တစ်စုံတစ်ရာ ထိခိုက်လာမည်ကို မိဘအုပ်ထိန်းသူနှင့် ကျောင်းတာဝန်ရှိသူတို့ စိုးရိမ်လျက်ရှိသည်။

    ယနေ့(ဇန်နဝါရီ ၁၅ ) ရက်နေ့တွင် ကျုံလောင်းနှင့် အနီးတစ်ဝိုက်နေရာတို့တွင် နှစ်ဖက်ပစ်ခတ်မှု ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခံနေရဆဲဖြစ်ကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    “ဒီခြေအနေနဲ့ဆိုရင် ကျောင်းတွေ ပြန်ဖွင့်ဖို့က မလွယ်ဘူး။ သိသလောက်တော့ မွန်အမျိုးသားကျောင်း (ဗဟို) အဖွဲ့တွေက ထွက်ပြေးရတဲ့ ကျောင်းသားတွေရဲ့ အချက်အလက်တွေကို လိုက်ကောက်ယူနေကြတယ်။ ကျောင်းသားတွေ ဘယ်ရောက်သွားလဲ၊ ဘယ်မှာရှိနေလဲပေါ့” ဟု ပြောသည်။

    ရေးမြို့နယ်အရှေ့ပိုင်းဒေသတစ်ဝိုက်တွင် လတ်တလော တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိရာ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးစင်တာမှ စာရင်းအရ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၄၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း တောတောင်နှင့် ဥယျာဉ်ခြံအပါအဝင် နေရာအနှံ့ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၁၂၀၀ ကျော်ရှိနေသည်ဟု မြေပြင်ရှိ စစ်ဘေးရှောင်အချက်အလက်စုဆောင်းနေသူတို့ထံမှ သိရသည်။

    နှစ်ဖက်တိုက်ပွဲပြင်ထန်းနေသည့် ကျုံလောင်းနှင့် အနီးတစ်ဝိုက်ရှိကျေးရွာတို့ကို စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားသည့်အပြင် တိုက်ပွဲကာလအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၅၀ ထက်မနည်းရှိကြောင်း သတင်းရင်းမြစ်အချို့ဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,000SubscribersSubscribe
    spot_img

    Latest posts