Homeသတင်းဒေါနစစ်ကြောင်းထံ လက်နက်ချအလင်းဝင်သည့် စစ်သား ၂၀ ဦးထက်မနည်းရှိလာ

ဒေါနစစ်ကြောင်းထံ လက်နက်ချအလင်းဝင်သည့် စစ်သား ၂၀ ဦးထက်မနည်းရှိလာ

-

တောင်ပိုင်းဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း ရှိလာသည်ဟု ဒေါနစစ်ကြောင်း တာဝန်ရှိသူတို့ထံမှ သိရသည်။

လက်နက်ချအလင်းဝင်သူတို့သည် ဒေသအသီးသီးရှိ စစ်ကောင်စီ အမတ၊ ခလရ၊ ခမရ တပ်ရင်းတို့တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားများအပြင် တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှ စစ်မှုထမ်း သင်တန်းဆင်းများလည်း ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၅၅၉ တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသေးကြောင်း ဒေါနစစ်ကြောင်း တာဝန်ရှိသူတို့က ပြောသည်။

“သူတို့က ထိုင်းမှာအလုပ်လုပ်တယ်။ ထိုင်းရဲအဖမ်းခံရပြီး ရနောင်းဘက်မှာ လာပုံခံ ရတယ်။ စကစလက်ထဲ အပ်ခံရတာပေါ့။ အဲ့ကနေတစ်ဆင့် ထားဝယ်ဘက်က အမှတ် ၁၂ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းကို ရောက်သွားကြတယ်။ အဲ့ကနေတစ်ဆင့် သူတို့တွေ တာဝန်အသီးသီးကျတယ်။ သူတို့တွေ အနန်းကွင်း၊ ရဲတံခွန်ဘက်တာဝန်ကျတဲ့အချိန် ကျွန်တော်တို့ဆီ ချိတ်ဆက်ပြီး ရောက်လာတယ်” ဟု ဒေါနစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုရန်နိုင်က ပြောသည်။

အဆိုပါ တပ်သား ၂ ဦးသည် စန်းထွန်းအောင်နှင့် အောင်မျိုးကျော်ဆိုသူတို့ဖြစ်ပြီး ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်း အပတ်စဉ် ၅ မှ သင်တန်းဆင်းတပ်သားများဖြစ်ပြီး ခမရ ၅၅၉ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေစဉ် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာကာ ဒေါနစစ်ကြောင်းထံ အလင်းဝင်လာခြင်းဖြစ်သည်။

စန်းထွန်းအောင်သည် MA3 အမျိုးအစားသေနတ် ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ကျည် ဘောက် ၃ ဘောက် ၊ လက်ပစ်ဗုံး ၁ လုံး ဖြင့် အလင်းဝင်လာပြီး အောင်မျိုးကျော်သည် MA1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ၇၅ တောင့် ၊ ကျည်ဘောက် ၃ ဘောက်ဖြင့် အလင်းဝင်ခဲ့ကြောင်း သိရသည်။

ဒေါနစစ်ကြောင်းအနေဖြင့် မိမိတို့အဖွဲ့ထံ အလင်းဝင်လိုသည့် မည်သည့်တပ်သားတို့ကိုမဆို လက်ခံကြိုဆိုလျှက်ရှိပြီး ယခင် CDM ပြုလုပ်ကာ အလင်းဝင်ရောက်လာသည့် ပြည်သူ့ဘက်တော်သားများလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။

“အကုန်လုံးကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ ပြီးတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ အသက်အာမခံ၊ တာဝန်ယူပါတယ်။ မိသားစုခေါ်ချင်လည်း ကျွန်တော်တို့စီစဉ်ပေးတယ်။ နောက်ပြီးတော့ သူတို့ဘာလုပ်ချင်လဲ၊ ဘယ်သွားချင်လဲ၊ သူတို့ဖြစ်ချင်တာကို ချိတ်ဆက်ဆောင်ရွက် ပေးတယ်။ ဒီမှာပဲ အတင်းတိုက်ရမယ်လို့ ကျွန်တော်တို့မပြောပါဘူး” အထက်ပါ ဒေါနစစ်ကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။

စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့်သော်လည်းကောင်း အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများနှင့် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။

စစ်ကောင်စီမှ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် တပ်သားသစ်စုဆောင်းကာ သင်တန်း ၃ လခန့်ပေးပြီး ရှေ့တန်း မြေပြင်သို့ ပို့ဆောင်နေခြင်းကြောင့် တိုင်းရင်သားနှင့် တော်လှန်ရေးတပ်တို့ထံ လက်နက်ချအလင်းဝင်မှု နေ့စဉ်တိုးလာနေကြောင်း တော်လှန်ရေးအဖွဲ့တို့၏ လူမှုကွန်ရက်စာမျက်နှာဖော်ပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts