Homeသတင်းပအိုဝ်းဒေသတွင် တစ်နှစ်အတွင်း ကလေးအပါ အရပ်သား ၁၂၀ ကျော် သတ်ဖြတ်ခံရ

ပအိုဝ်းဒေသတွင် တစ်နှစ်အတွင်း ကလေးအပါ အရပ်သား ၁၂၀ ကျော် သတ်ဖြတ်ခံရ

-

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကလေးများအပါအဝင် အရပ်သား ၁၂၇ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အချက်အလက်များအရ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်တို့တွင် စစ်ရေးပဋိပက္ခများကြောင့် အရပ်သား ၁၂၇ ဦး သတ်ဖြတ်ခံရပြီး ၎င်းထဲတွင် ကလေး ၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၈၉ ဦးနှင့် အတည်မပြုနိုင်သေးသူ ၆ ဦး ပါဝင်သည်ဟု ဆိုသည်။

သေဆုံးသူ ၁၂၇ ဦးအနက် ၄၆ ဦးသည် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNA တို့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူများဖြစ်ပြီး ကျန်သူများသည် မြေမြှုပ်မိုင်း၊ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးထိပြီး သေဆုံးသူများဖြစ်သည်ဟုလည်း PYO ထံမှ သိရသည်။

“သတ်ဖြတ်ခံရသူတွေထဲမှာ ရွာလူကြီးတွေကိုဖမ်းသွားပြီး သတ်လိုက်တာတွေ၊ နောက်လူငယ် လေးဦးကို ဖမ်းပြီးတော့မှာ ကြွပ်ကြွပ်အိတ်စွပ်ပြီး သေနတ်နဲ့ ပစ်သတ်တာတွေ၊ တော်လှန်ရေးအဖွဲ့ဆိုပြီး စွပ်ဆွဲပြီးမှ အသတ်ခံလိုက်ရတဲ့လူငယ်အလောင်း သုံးလောင်း ဒီလိုမျိုးဖြစ်စဥ်တွေအများကြီးရှိပါတယ်” ဟု PYO ပြောရေးဆိုခွင့်ရှိသူ လီလီက ပြောသည်။

၎င်းပြင် စစ်ရေးပဋိပက္ခကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိခိုက်ဒဏ်ရာရသူ ၁၈၉ ဦးထက်မနည်း ရှိသည်ဟုလည်း PYO ၏ အချက်အလက်များက ဖော်ပြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး အလုံးရေ ၉၀၀နှင့် လေကြောင်းတိုက်ခိုက်မှု ၂၆၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း PYO ၏ အချက်အလက်များအရ သိရသည်။

တိုက်ပွဲများကြောင့် ပအိုဝ်းဒေသခံ ခြောက်သောင်းခွဲခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

၎င်းပြင် စစ်ရေးပဋိပက္ခများကြောင့်၊ စစ်မှုထမ်းဥပဒေနှင့် အဓမ္မစစ်သားစုဆောင်းမှုများကြောင့် ပအိုဝ်းလူငယ် ၇၀ ရာခိုင်နှုန်းနီးပါး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PYO ဘက်က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts